နယ်သာလန်တွင် စပိန်ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ ရှာဖွေတွေ့ရှိ

နယ်သာလန်တွင် စပိန်ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ ရှာဖွေတွေ့ရှိ

ဇန်နဝါရီ ၂၂ ။             ။ ရှေးဟောင်းအမွေအနှစ်တွေကို လိုက်လံစုဆောင်းလျက်ရှိတဲ့ ဒတ်ချ်စုံထောက် အာသာဘရန်းဟာ ရှေးဟောင်းစပိန်ဘုရားကျောင်းကနေ အခိုးခံထားရတဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးကြီး ကျောက်တုံးကြီးနှစ်တုံးကို ပြန်လည်ရှာတွေ့နိုင်ပြီလို့ သိရပါတယ်။

အဆိုပါကျောက်တုံးကြီးနှစ်တုံးကို ဒတ်ချ်စုံထောက် အာသာဘရန်းက နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါကျောက်တုံးကြီးတွေကို ၇ ရာစုနဲ့ ၁၁ ရာစုကြားကာလဖြစ်တဲ့ Visigoths ခေတ်မှာ တည်ရှိခဲ့တဲ့ စပိန်ဘုရားကျောင်းကနေ ခိုးယူထားတာဖြစ်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အဆိုပါကျောက်တုံးကြီးနှစ်တုံးကို ပြန်ရောင်းဖို့ ပြင်သစ်ကုန်သည်တစ်ဦးက ၎င်းဆီရောက်လာတဲ့အခါ အာသာဘရန်းဟာ ဒါတွေကို ရှေးဟောင်းအမွေအနှစ်တွေဖြစ်တယ်ဆိုတာ ရိပ်မိခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အာသာဘရန်းဟာ အဆိုပါကျောက်တုံးကြီးတွေရဲ့ ပိုင်ရှင်ကို စုံစမ်းတဲ့အခါ ကျောက်တုံးတွေကို ခြံထဲမှာ အလှထားဖို့ ဗြိတိသျှတွေက ဝယ်ယူခဲ့တာဖြစ်ကြောင်း သိခဲ့ရတာဖြစ်ပါတယ်။

ဒါတွေကို ရှေးဟောင်းအမွေအနှစ်ဖြစ်မှန်း မသိခဲ့သလို မြစ်ထဲမှာ လွှင့်ပစ်ဖို့အထိပါ စဉ်းစားထားခဲ့ကြောင်း အဆိုပါကျောက်တုံးတွေကို ၁၅ နှစ်ကြာ ပိုင်ဆိုင်လာခဲ့တဲ့ ဗြိတိသျှတွေက ပြောပါတယ်။

“စပိန်ဘုရားကျောင်းကနေ ခိုးလာတဲ့ သူခိုးတွေက ဒီကျောက်တုံးတွေကို စျေးကြီးကြီးနဲ့ ပြန်ရောင်းချင်ကြတာ။ ရောင်းလို့မလွယ်မှန်းသိတော့ ဒါတွေကို သူတို့က အလှထားတဲ့ ကျောက်တုံးတွေအနေနဲ့ ပြန်ရောင်းတာဖြစ်နိုင်ပါတယ်။ တစ်တုံးကို ပေါင် ၅ သောင်းနဲ့ ပြန်ရောင်းထားတာဖြစ်လိမ့်မယ်။”လို့ ၅၀ ကီလို ( ၁၁၀ ပေါင်) အလေးချိန်ရှိတဲ့ ရှေးဟောင်းကျောက်တုံးကြီးနှစ်တုံးကို ကြည့်ရင်း စုံထောက်ဖြစ်သူ အာသာဘရန်းက ပြောပါတယ်။

ကျောက်တုံးနှစ်တုံးအနက် တစ်တုံးမှာ John the Evangelist ရဲ့ပုံတူကို ထွင်းထုထားတာဖြစ်ပါတယ်။

ပြန်လည်ရှာတွေ့တဲ့ အဆိုပါရှေးဟောင်းကျောက်တုံးနှစ်တုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၂၁ ရက်ကပဲ လန်ဒန်မှာရှိတဲ့ စပိန်သံရုံးကို လွှဲပြောင်းပေးအပ်လိုက်ပြီလို့ စုံထောက် အာသာဘရန်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly