ဗင်နီဇွဲလားသမ္မတကို ပုန်ကန်တဲ့ စစ််သားအုပ်စုကို ဖမ်းဆီး၍ လမ်းပေါ်ထွက်ဆန္ဒပြမှု ဖြစ်ပွား

ဗင်နီဇွဲလားသမ္မတကို ပုန်ကန်တဲ့ စစ််သားအုပ်စုကို ဖမ်းဆီး၍ လမ်းပေါ်ထွက်ဆန္ဒပြမှု ဖြစ်ပွား
Photo: AFP

ကာရာကတ်၊ ဇန်နဝါရီ ၂၂ ။   ။ ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတ နီကိုလပ်စ်မာဒူရိုကို ပုန်ကန်ဖီဆန်တဲ့ စစ်သား ၂၇ ဦးပါ အုပ်စုကို ဖမ်းဆီးလိုက်ပြီးနောက်မှာ လမ်းပေါ်ထွက် ဆန္ဒပြမှု ဖြစ်ပွားပါတယ်။

သမ္မတရဲ့ အာဏာကို ဖီဆန်တဲ့ အဲဒီ စစ်သားအုပ်စုဟာ အွန်လိုင်းပေါ် ဗီဒီယိုတင်ပြီး ပြည်သူ့ထောက်ခံမှုကို မေတ္တာရပ်ခံပေမယ့် ချက်ချင်းဆိုသလိုပဲ အဖမ်းခံလိုက်ရတာပါ။

“ကျွန်တော်တို့ဟာ အစိုးရကို ဆန့်ကျင်တဲ့ အမျိုးသားအစောင့်တပ်က ကျွမ်းကျင်စစ်သားတွေပါ။ ဒီအစိုးရကို ကျွန်တော်တို့ လုံးလုံး အလိုမရှိပါ။ ခင်ဗျားတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ လမ်းပေါ်ထွက်ကြပါ။”လို့ အွန်လိုင််းပေါ်မှှာ ပျံ့နှံ့တဲ့ ဗီဒီယိုမှာ ဒီစစ်သားအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ဆိုထားတဲ့ သူက ပြောထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုက ချက်ချင်းကြေညာချက် ထုတ်ပြန်ပြီး အဲဒီ စစ်သားတွေကို ဖမ်းဆီးထားကြောင်း ဆိုပါတယ်။

အဲဒီ စစ်သားအုပ်စုဟာ လုံခြုံရေးစခန်းတစ်ခုကို စီးနင်းပြီး အကျဉ်းသား လေးဦးကို ခေါ်ဆောင်ကာ လက်နက်တွေကို သိမ်းဆည်းရယူသွားပါတယ်။ ဒီနောက်မှာ ကာရာကတ်မြို့မှာ ရှိတဲ့ အမျိုးသားအစောင့်တပ် ကွပ်ကဲရေးစင်တာကို ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဒီစင်တာမှာပဲ ၎င်းတို့ကို ဖမ်းဆီးထားတာပါ။ “ဖမ်းဆီးမှုမှာ ခိုးယူခံ လက်နက်တွေကို ပြန်လည်ရရှိပါတယ်။ ဒီပုန်ကန်သူအုပ်စုကို တရားဥပဒေနဲ့ အလုံးစုံအရေးယူသွားမှာ ဖြစ်ပါတယ်။”လို့ ကာကွယ်ရေးဝန်ကြီး ပါဒရီနိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly