ရန်ကုန်၊ဇန်နဝါရီ ၁၆ ။ ။ ရမည်းသင်းမြို့နယ်ရှိ အင်ကြင်းကန်ဘူတာနှင့် ရမည်းသင်းဘူတာကြား တရားဝင်ရထားသံလမ်းကူးဂိတ်၌ ရထားသံလမ်းပိတ်ထားစဉ် ရထားနှင့်ဆိုင်ကယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ရက်နေ့တွင် ရန်ကုန်- မန္တလေးပုံမှန်ကားလမ်း မိုင်တိုင်(၂၇၆/၂၀-၂၁) အကြားရှိ အင်ကြင်းကန်ဘူတာနှင့် ရမည်းသင်းဘူတာအကြား တရားဝင်ရထားသံလမ်းကူးဂိတ်၌ အမှတ်(၄) အစုန် မန္တလေး-ရန်ကုန် ရထားဖြတ်သန်းနေသဖြင့် ရထားသံလမ်း ကူးဂိတ်စောင့်တာဝန်ကျ ဦးမြင့်ဝင်းမှ ဂိတ်တံခါး အား ပိတ်ထားစဉ် အသက် (၄၅)နှစ်အရွယ် နိုင်ဝင်း မောင်းနှင်ပြီး ရဲဆွေ (၂၄)နှစ်လိုက်ပါလာသော ဆိုင်ကယ် ဖြင့်ဂိတ်တံခါးဘေးမှ ရထားသံလမ်းအား ဖြတ်ကူးရာ ရထားစက်ခေါင်းဖြင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရထားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းသူနှင့်လိုက်ပါစီးနင်းသူတို့သည် ဦးခေါင်းပေါက်ပြဲ/မျက်လုံးကျွတ်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။
အဆိုပါ သေဆုံးသူနှစ်ဦးကို ရမည်းသင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရမည်းသင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၉)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။