ဇန်နဝါရီ ။ ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန် ကား ၅ စီး ဝယ်ယူခဲ့မှုနှင့်ပတ်သက်ပြီး ပါတီဗဟိုမှ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ပါတီမှ အပြီးထုတ်ပယ်လိုက်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့ ပြောသည်။
“ ဟုတ်ပါတယ်ခင်ဗျ။ ဒီနေ့ အမိန့်စာ ထွက်သွားပြီ။ ဟုတ်ပါတယ်။ ပါတီကနေ အပြီးထုတ်လိုက်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းလွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူရာတွင် အလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားခံထားရခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးက ဦးဆောင်ပြီး အထူးအဖွဲ့ဖွဲ့ကာ ဒီဇင်ဘာလအတွင်းက စစ်ဆေးခဲ့ခြင်းဖြစ်သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူခဲ့သည့် လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ပါတီရုံးချုပ်တွင် ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ယင်းသို့ ပါတီမှ အပြီး ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။