မကွေး၊ ဇန်နဝါရီ ၁၁ ။ ။ ထီစာအုပ် ၁၀၀၀ ကျော် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မကွေးကားကြီးကွင်း စတားသန်းဆုအောင်ကားဂိတ်မှ ယာဉ်နောက်လိုက် ဦးပိုင်ဆိုသူကို မကွေးစာတိုက်မှူးဒေါ်နှင်းရီသော်က ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၆ နာရီခွဲအချိန်က မကွေးနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။
စာတိုက်မှ ယုံကြည်စွာဖြင့် ပို့ဆောင်ရန် အပ်နှံလိုက်သည့် ချောထုပ်များအား ပျောက်ပျက်အောင် ပြုလုပ်ခဲ့ခြင်းကြောင်႔ ဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က စတားသန်းဆုအောင်ကားဂိတ်တွင် မကွေးစာတိုက်ကြီးချောစာပို့ဝန်ထမ်း မျိုးသူရသည် အန်စာတုံးယာဉ်ပေါ်မှ ယာဉ်နောက်လိုက်စပယ်ယာ ဦးပိုင်ထံသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရောင်းချမည့် အောင်ဘာလေထီလက်မှတ် ကျပ် သိန်း(၆၀) တန်ဖိုးပါ ချောထုပ် တစ်ထုပ်၊တန်ဖိုးပေးရွေး အမြန် ချောထုပ် ၃ ထုပ် ၊ တန်ဖိုး(၄)သောင်းကျပ်တို့အား ပွင့်ဖြူစာတိုက်သို့ ပို့ဆောင်ပေးရန်အပ်နှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို႔ ပို့ဆောင်အပ်နှံပေးခဲ့သောချောထုပ်များမှာ ပွင့်ဖြူစာတိုက်သို့ မရာက်ရှိဘဲ လမ်းတွင်ကျပျောက်ခဲ့ကြောင်း စပယ်ယာ ဦးပိုင်က ပွင့်ဖြူစာတိုက်မှူး ဒေါ်မြင့်ဌေးထံ သတင်းပေးပို့လာသဖြင့် မကွေးတိုင်းဒေသကြီး စာတိုက်မှူးဒေါ်နှင်းရီသော်ထံသို့ ဆက်လက်အကြောင်း ပြန်ကြားခဲ့သည်ဟုသိရသည်။
စတားသန်းဆုအောင်ကားဂိတ်သည် မကွေးစာတိုက်ကြီးနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ တစ်လလျှင်ငွေကျပ်(၃)သောင်းနှုန်းဖြင့် ပို့ဆောင်ခြင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် (၃)နှစ်စာ နုတ်ကတိဖြင့်ဆောင်ရွက်နေသောကားဂိတ်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီးမကွေးနယ်မြေရဲစခန်းကစပယ်ယာဦးပိုင်အား ပအမှတ်(ပ)၄/၁၉ ရာဇသတ်ကြီးပုဒ်မ ၄ဝရဖြင့် အမှူရေးဖွင့်ထားပြီးဒုရဲအုပ်မျိဳးကိုကိုစိမ်းက အမှူအား စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
" ထီထိုးလို့ပေါက်ရင် ဘယ်လိုလုပ်မလဲ။ ပြည်သူတွေဒုက္ခရောက်မယ်။ကံဆိုတာ ခဏခဏ မကောင်းတတ်ဘူးလေ။ အဲဒီလိုတွေကနေ ထီဆုကြီးတွေဖြစ်လာရင် သက်ဆိုင်ရာအနေနဲ့ ဘယ်လို လုပ်မလဲ " ဟု ပွင့်ဖြူမြို့မှ ထီဝါသနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ထွက်ရှိမည့် ၂၃ ကြိမ်မြောက် အောင်ဘာလေထီ၏ ထီအုပ် ၁၂၈၅ အုပ် ( စောင်ရေ ၁၄၁၃၅ စောင်)မှာ ဇန်နဝါရီလ ၁၀ ရက်က ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။