တစ်နှစ်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်ပြီး တရားစွဲခံသူ ၂၀၀ ကျော်ရှိ

တစ်နှစ်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်ပြီး တရားစွဲခံသူ ၂၀၀ ကျော်ရှိ

ဇန်နဝါရီ ၃၊ ရန်ကုန် ။                ။ ၂၀၁၈ ခုနှစ်၊ တစ်နှစ်လုံးအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ဆိုင်သော တရားစွဲဆိုခံရမှု ၁၀၃ မှု ရှိခဲ့ပြီး တရားစွဲဆိုခံရသူ ၂၁၇ ဦး ရှိခဲ့သည်ဟု ဇန်နဝါရီ ၃ ရက်နေ့က အသံအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှု ၅၃ မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ဖြင့် ၁၄ မှု၊  ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်(ငြိမ်းစုစီ ) ဥပဒေဖြင့် ၃၆ မှု ရှိပြီး တရားစွဲဆိုခံရသည့် စုစုပေါင်းအရေအတွက်မှာ ၂၁၇ ဦး ရှိသည်ဟု အဆိုပါ တရားစွဲဆိုခံရမှုအနှစ်ချုပ်စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမှုများအနက်မှ သတင်းမီဒီယာများကို တရားစွဲဆိုမှု ၉ မှု ဖြင့် သတင်းသမား ၁၂ ဦး တရားစွဲဆိုခံခဲ့ရ ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု  ပုဒ်မ ၅၀၅ (ခ)၊ အသရေဖျက်မှု ဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၉၉/၅၀၀ တို့ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

တရားစွဲဆိုခံရမှုနှင့်ပတ်သက်ပြီး ဥပဒေ ၃ ခုသည် မဖြစ်မနေ ပြင်ဆင်ရမည်ဟု အသံ အဖွဲ့တည်ထောင်သူ မောင်ဆောင်းခက ပြောသည်။

“အထူးသဖြင့်တော့ ကျွန်တော်တို့ စောင့်ကြည့်တဲ့ဥပဒေသုံးခု ၊ ငြိမ်းစုစီဥပဒေရယ်၊ ဆက်သွယ်ရေးဥပဒေရယ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုရယ် အဲ့ဒီဟာတွေက မဖြစ်မနေ ပြင်ရမယ့်ဥပဒေတွေဖြစ်တယ် ဆိုတာ ထပ်ပြီးတော့ မီးမောင်းထိုးဖော်ပြတာပါ ” ဟု မောင်ဆောင်းခက ပြောသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံ (Athan) ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင် စတင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်က အသံအဖွဲ့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (အစိုးရသက်တမ်းဝက် အစီရင်ခံစာ) ထုတ်ပြန်ထားခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly