နှစ်သစ်ကူးညတွင် YBS ယာဉ်လိုင်းများ ပြေးဆွဲမည်မဟုတ်

နှစ်သစ်ကူးညတွင် YBS ယာဉ်လိုင်းများ ပြေးဆွဲမည်မဟုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ။          ။ နှစ်သစ်ကူးမည့် ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် YBS ယာဉ်လိုင်းများအပါဝင် Omini Fous ကုမ္ပဏီမှ  ယာဉ်လိုင်းများ အားလုံးသည် ပြေးဆွဲမည်မဟုတ်ဘဲ ခေတ္တရပ်နားသွားမည်ဟု Omini Fous ကုမ္ပဏီ၏  မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းထောက်ဝင်းက ပြောသည်။

ထိုယာဉ်များအားလုံး ပြေးဆွဲမှုကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၉ နာရီမှ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၄ နာရီထိ ရပ်နားထားမည် ဖြစ်သည်။

“အဲဒီကြားမှာ ခတ္တရပ်တာပါ။ ၂၄နာရီကား အပါအဝင် ပြေးဆွဲနေတဲ့ယာဉ်လိုင်း အားလုံးရပ်မှာပါ။ "  ဟု Omini Fous ကုမ္ပဏီ၏  မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းထောက်ဝင်းက ဆိုသည်။

Omini Fous ကုမ္ပဏီသည် ဆူးလေး- လေဆိပ်ပြေးဆွဲနေသည့် Airport Shuttle Bus အပါအဝင် YBS ၂၀၊ ၅၆၊ ၈၃၊ ၉၈၊ ၉၉ တို့ကို ပြေးဆွဲပေးခြင်းဖြစ်ပြီး YBS နံပါတ် ၅၆ မှလွဲ၍ ကျန်ယာဉ်လိုင်းများမှာ ၂၄နာရီပတ်လုံး ပြေးဆွဲနေခြင်းဖြစ်သည်။

နှစ်သစ်ကူးညတွင် ယာဉ်မောင်းများ၏ လုံခြုံရေးများအပါအဝင် ကားနှင့် ခရီးသည်များအတွက်  မလိုလားအပ်သော  ပြဿနာများ ဖြစ်မလာစေရန် ယင်းသို့ ရပ်နားခြင်းဟုလည်း ၎င်းက ပြောသည်။

"နှစ်ကူးညဆိုတော့  ယာဉ်မောင်းတွေ၊ ယာဉ်တွေပေးနားမယ်။ ယာဉ်မောင်းတွေလည်း ဒီလိုရက်မျိုးမှာ သူတို့လည်း စောစောစီးစီးနားချင်မှာပေါ့။ ပြီးတော့ လမ်းမှာလည်း  မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်မှာစိုးလို့ပါ။" ဟု Omini Fous ကုမ္ပဏီ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းထောက်ဝင်းက မဇ္စျိမသို့ ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly