ရပ်ဆိုင်းသွားသည့် အမေရိကန် အစိုးရယန္တရားတစ်ချို့ ပြန်လည်ပတ်ဖို့ အချိန်ကြာမြင့်နိုင်ဟု ဒေါ်နယ်ထရမ့် သတိပေး

ရပ်ဆိုင်းသွားသည့် အမေရိကန် အစိုးရယန္တရားတစ်ချို့ ပြန်လည်ပတ်ဖို့ အချိန်ကြာမြင့်နိုင်ဟု ဒေါ်နယ်ထရမ့် သတိပေး

ဒီဇင်ဘာ ၂၃ ။          ။ ဖက်ဒရယ် ဘက်ဂျက် အသုံးစရိတ်ကိစ္စတစ်ခုနဲ့ ပတ်သက်လို့ အမေရိကန် ကွန်ဂရက်မှာ သဘောတူညီချက် မရဘဲဖြစ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ ရက် စလို့ အမေရိကန် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဌာနတစ်ချို့ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါ အဆိုပါ အစိုးရယန္တရားအချို့ လည်ပတ်မှု ရပ်ဆိုင်းသွားပြီး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်သွားနိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ တံတိုင်းတည်ဆောက်ဖို့ အသုံးစရိတ်နဲ့ပတ်သက်လို့ လွှတ်တော်မှာ အမတ်တွေအကြား သဘောတူညီချက်မရဘဲ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖက်ဒရယ် ဘက်ဂျက်ကိစ္စ အဖြေမထွက်ဘဲ ချောင်ပိတ်မိနေတဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့ ဒီမိုကရက်တစ် အမတ်တွေနဲ့အကြား ဆက်လက်ညှိနှိုင်းသွားမယ်လို့ ထရမ့်က ပြောပါတယ်။

နိုင်ငံရဲ့ နယ်စပ်လုံခြုံရေးကို မြှင့်တင်ဖို့ မဖြစ်မနေ လိုအပ်နေတယ်လို့ ထရမ့်က အခိုင်အမာ ပြောပြီး ယင်း နယ်စပ်တံတိုင်း ကာရံမှုအတွက် ဘဏ္ဍာငွေ ထောက်ပံ့ဖို့ ကန်ဒေါ်လာ ၅ ဘီလီယံ ထရမ့်က တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။

အဆိုပါဘက်ဂျက်ကိစ္စ ကွန်ဂရက်မှာ သဘောတူညီချက်မရဘဲဖြစ်ခဲ့ရာကနေ အစိုးရ ယန္တရားတစ်ချို့လည်း လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရတာဖြစ်ပါတယ်။

ရပ်ဆိုင်းသွားခဲ့တဲ့ အစိုးရလုပ်ငန်းဌာနတွေထဲမှာတော့ ပြည်တွင်း လုံခြုံရေး၊ တရားရေး၊ စိုက်ပျိုးရေး တို့လို ဌာနတွေအပြင် အမျိုးသား ပန်းဥယျာဉ်တွေလည်း ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly