နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ။ ။ အကျင့်သီလ ပျက်ပြားခြင်း၊ ပညာမဲ့ခြင်း၊ မနေတတ် မထိုင်တတ်ခြင်းတို့ကြောင့် အနာကြီးရောဂါ ဖြစ်ပွားရခြင်း မဟုတ်ဘဲ လူတန်းစား အဆင့်အတန်းမရွေးတွင် ဖြစ်တတ်သည့်ရောဂါဖြစ်သောကြောင့် လူနာများကို ခွဲခြားဆက်ဆံခြင်း မပြုကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်။
“ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပထမဆုံး နားလည်ဖို့လိုတာက အနာကြီးရောဂါသည်တွေက အပြစ်ရှိလို့ရတာမဟုတ်ပါဘူး။ အခြားလူဆီက ကူးစက်တယ်ဆိုလို့ရှိရင်တော့ ဘယ်လိုပုံစံနဲ့ နေလို့ရှိရင် ကူးစက်စရာအကြောင်းမရှိဘူးဆိုတာ ကို လုံလုံေ လောက်လောက်ပညာပေးအစီအစဉ်တွေ မရှိလို့ဆိုတော့ ကျွန်မတို့ အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ တာဝန်ယူရမှာပေါ့” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နေပြည်တော်ရှိ MICC(2) တွင် ကျင်းပပြုလုပ်သည့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မိသားစုဝင်များအတွင်း အဆိုပါ ရောဂါဖြစ်ပွားခြင်းရှိနေလျှင်လည်း မိသားစုဝင်များကပါ ရှက်ခြင်း၊ ကြောက်ခြင်း များ မရှိစေရန် ပညာပေးကာ၊ စောစောစီးစီးကုသမှု ခံယူပါက ပျောက်ကင်းနိုင်သည့်အတွက် မိသားဝင်များမှ ဖုံးကွယ်ထားခြင်းမပြုဘဲ ဆရာဝန်များထံသို့ အလျင်အမြန် ကုသမှု ခံယူသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။
“ဘာမှ ဒါ စိုးရိမ်စရာမရှိဘူး။ ကူးစရာအကြောင်းလည်း မရှိဘူး။ နေပုံထိုင်ပုံပေါ်မှာ အခြေအနေမူတည်ပြီးတော့ သူတို့ကိုယ် သူတို့ ပိုပြီးတော့ ကာကွယ်နိုင်တယ်။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့နေရာမှာလည်း စိန်ခေါ်မှု အနေနဲ့တော့ ဒီလို ခွဲခြားမှုတွေကိုတော့ အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ရမှာပဲ ။ ဒါတွေကို ကျော်လွှားဖို့ လိုတယ်” ဟု ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိတွင် အနာကြီးရောဂါသည်များအတွက် အကူအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။