ဂျကာတာ၊ ဒီဇင်ဘာ ၁၁ ။ ။ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှေးရိုးစွဲ မွတ်စလင်ပြည်နယ်ဖြစ်တဲ့ အာချေးပြည်နယ်မှာ လောင်းကစားလုပ်ကြတဲ့ လူတစ်စုကို အများမြင်ကွင်းမှာ ကြိမ်ဒဏ်အပြစ်ပေးပါတယ်။
မွတ်စလင် ရှာရီယာဥပဒေအရ တားမြစ်ထားတဲ့ လောင်းကစားမှုကို အွန်လိုင်းပေါ်ကနေ ပြုလုပ်ကြတဲ့ လူဒါဇင်ဝက်ကို ခုနှစ်အတွင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ကြိမ်ဒဏ် ခုနစ်ချက်ကနေ ၁၁ ချက်အထိ အသီးသီး ပြစ်ဒဏ်ပေး ရိုက်နှက်ချိန်မှာ ကြည့်ရှုသူတွေက ကောင်းချီးပေးကြပါတယ်။
အရှေ့အာချေးခရိုင်က ဗလီတစ်ခုရှေ့မှာ ခုလို ကြိမ်ဒဏ်အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ မျက်နှာကို အဝတ် ဖုံးလွှမ်းထားတဲ့ ရှာရီယာတာဝန်ရှိသူတွေက ကြိမ်တစ်ချက် ရိုက်လိုက်တိုင်း အရိုက်ခံရတဲ့ အပြစ်ပေးခံရသူတွေဟာ မျက်နှာရှုံ့မဲ့သွားတာကို မြင်တွေ့ရပါတယ်။
ကြည့်ရှုနေတဲ့ လူအုပ်က ဝိုင်ဝန်းလှောင်ပြောင်သရော်ကြပြီး ကြိမ်ဒဏ် နာနာရိုက်ဖို့လည်း အော်ဟစ်တောင်းဆိုကြပါတယ်။
“သူတို့တွေဟာ လောင်းကစားလုပ်ပြီး အစ္စလာမ်ဥပဒေကို ချိုးဖောက်တာဖြစ်တယ်။”လို့ ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးမှ ရာဇဝတ်မှုအကြီးအကဲ မူလီယာနာက အေအက်ဖ်ပီကို ပြောပါတယ်။
ရှာရီယာဥပဒေကို ကျင့်သုံးတဲ့ အာချေးပြည်နယ်မှာ ရှာရီယာဥပဒေအရ တားမြစ်ထားတဲ့ လောင်းကစားတာ၊ အရက်သေစာ သောက်စားတာနဲ့ လိင်တူဆက်ဆံတာ ဒါမှမဟုတ် အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတာတွေကို အများသူငါ မြင်ကွင်းရှေ့မှာ ကြိမ်ဒဏ်အပြစ်ပေးလေ့ ရှိတာပဲ ဖြစ်ပါတယ်။