ဒီဇင်ဘာ ၇ ။ ။ မြန်မာငွေစက္ကူအတုတွေ လက်ဝယ်ပိုင်ဆိုင်ရောင်းဝယ်မှုကိစ္စမှာ ပါဝင်ပတ်သက်နေခဲ့တယ်လို့ ယုံကြည်ရတဲ့ ပြည်တွင်းက moneychangers ငွေလဲကောင်တာ ၁၈ ခုကို စင်ကာပူရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေလျက် ရှိတယ်လို့ ဒီဇင်ဘာ ၆ ရက် မီဒီယာထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့အပတ်က မြန်မာငွေစက္ကူအတု သုံးစွဲမှုအတွက် စင်ကာပူနိုင်ငံသားနှစ်ဦး ရန်ကုန်မှာ အဖမ်းခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း ယခုလို ပြည်တွင်းက moneychangers တွေကို စင်ကာပူတို့ စစ်ဆေးနေလျက်ရှိတာဖြစ်ပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူ စင်ကာပူနိုင်ငံသားနှစ်ဦးကတော့ ယင်းငွေစက္ကူအတုတွေကို စင်ကာပူရှိ moneychangers တွေဆီကနေ ရရှိခဲ့တာဖြစ်တယ်လို့ ထွက်ဆိုပြောကြားထားခဲ့ပါတယ်။
၎င်းတို့နှစ်ဦးကတော့ လက်ရှိမှာ မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးဆီကနေ အကူအညီတွေ ရယူနေရကြောင်းလည်း သိရပါတယ်။
စင်ကာပူရဲတပ်ဖွဲ့ဟာ moneychangers ၁၈ ခုကို ဝင်စီးခဲ့ရာမှာ "AG" နဲ့ "AE" တိုနဲ့ စတဲ့ တူညီတဲ့ နာမည်စဉ် ရှိ ငွေစက္ကူတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
" မြန်မာကျပ်ငွေ တစ်သောင်းတန်ငွေစက္ကူ အတုတွေ ပိုင်ဆိုင်ထားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့ ငွေလဲကောင်တာတွေကို ရဲတွေက စစ်ဆေးစုံစမ်းနေတာဖြစ်ပါတယ်" လို့ စင်ကာပူရဲတပ်ဖွဲ့က ပြောပါတယ်။
တစ်ချိန်တည်းမှာလည်းပဲအလားတူ သံသယရှိ ငွေစက္ကူအတုတွေကို တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြားသင့်တယ်လို့လည်း ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။