၀ါရှင်တန်၊ ဒီဇင်ဘာ ၃ ။ ။ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်မှာတော့ စနေနေ့မှာ နိုင်ငံတော်အလံတွေကို တစ်ဝက်လွှင့်တင်ထားပါတယ်။
နိုင်ငံရဲ့ ၄၁ ဆက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းခဲ့တဲ့ ဂျော့အိတ်ချ်ဒဗလျူဘုရှ်ဟာ နိုဝင်ဘာ ၃၀ ရက် သောကြာနေ့က ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း ဂျော့ဘုရှ်(အကြီး)အတွက် အောင်းမေ့ဖွယ် ဆုတောင်းပတ္ထနာပို့သမှု သီတင်းပတ်တာ ပြုလုပ်ဖို့အတွက် အမေရိကန်ပြည်သူတွေဟာ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
သမ္မတဟောင်း ဂျော့ဘုရှ်ရဲ့ ရုပ်အလောင်းကို Texas A&M တက္ကသိုလ်က ဂျော့အိတ်ချ်ဒဗလျူဘုရှ် သမ္မတစာကြည့်တိုက်နှင့် ပြတိုက်မှာ ဒီဇင်ဘာ ၆ ရက်အထိ ထားရှိသွားမှာ ဖြစ်ပါတယ်။
ဂျော့ဘုရှ် ကွယ်လွန်ပြီး နောက်တစ်ရက် စနေနေ့မှာ တက္ကသိုလ်ရဲ့ ဒီစာကြည့်တိုက်အပြင်ဖက် ရေကန်ငယ်ပတ်လည်မှာ ကျောင်းသားကျောင်းသူတွေဟာ ဖယောင်းတိုင်တွေ ထွန်းညှိလို့ ဆုတောင်းပတ္ထနာ ပို့သခဲ့ကြပါတယ်။
သမ္မတဟောင်း ဂျော့ဘုရှ်ဟာ စစ်အေးတိုက်ပွဲပြီးဆုံးအောင် အမေရိကန်ကို ပဲ့ကိုင်ပေးခဲ့တဲ့ သမ္မတတစ်ဦးဖြစ်သလို ကူဝိတ်မှာ ရှိနေတဲ့ သဘောထားတင်းမာသူ အီရတ်ခေါင်းဆောင် ဆတ်ဒမ်ဟူစိန်ရဲ့ တပ်တွေကို တိုက်ထုတ်ရေးအတွက် နိုင်ငံတကာလုပ်ဆောင်မှုကိုလည်း ဦးစီးဦးရွက် ပြုခဲ့သူဖြစ်ပါတယ်။
လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် သမ္မတဟောင်း ဂျော့ဘုရှ်ရဲ့ စျာပနအခမ်းအနားကို သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကတော် မယ်လန်နီယာတို့နဲ့အတူ အစိုးရခေါင်းဆောင်အကြီးအကဲတွေ၊ သမ္မတဟောင်းတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။