၁၂ နှစ်အောက် မိန်းကလေးများကို အဓမ္မပြုကျင့်မှုကျူးလွန်ပါက ထောင်ထဲတွင် တစ်သက်လုံး နေရမည်

၁၂ နှစ်အောက် မိန်းကလေးများကို အဓမ္မပြုကျင့်မှုကျူးလွန်ပါက ထောင်ထဲတွင် တစ်သက်လုံး နေရမည်

နေပြည်တော်(ဒီဇင်ဘာ ၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ အသက် (၁၂)နှစ်အောက် မိန်းကလေးများကို အဓမ္မပြုကျင့်မှု ကျူးလွန်ပါက ထောင်ဒဏ် နှစ်(၂၀)မှ ထောင်ဒဏ်တစ်သက်အထိ လွတ်ရက်မရှိ ချမှတ်နိုင်သည့် ဥပဒေကြမ်း တစ်ခုကို နိုဝင်ဘာ ၃၀ ရက်က အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်သည်။

ပဲခူးတိုင်း၊  မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်အမတ် ဦးအောင်သိန်း တင်သွင်းခဲ့သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ၏ ပြစ်မှုပြစ်ဒဏ်များကို တိုးမြှင့်ထားသည့် ရာဇသတ်ကြီးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောင်ဒဏ်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ် ချမှတ်ခံရပါက နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်မှအပ အခြားလျှော့ပေါ့မှုများကို ခံစားခွင့်ရှိတော့မည်မဟုတ်ဟု ဦးအောင်သိန်းက ပြောသည်။

‘‘ဒါက ထောင်ဒဏ်တစ်သက်နဲ့ မတူဘူး။ လွတ်ရက်မရှိတဲ့ သဘောသက်ရောက်တယ်။ သူက လျှော့ရက် မပါတော့ဘူး’’ ဟု ၎င်းက ဆိုသည်။

အဆိုပါ အသက် ၁၂နှစ်အောက် မိိန်းကလေးများအား မုဒိမ်းမှုကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် သေဒဏ် ချမှတ်ရန် တပ်မတော်သားလွှတ်တော်အမတ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီကမူ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီစေရန် အထူး သုံးသပ်သင့်ကြောင်းနှင့် သေဒဏ်သတ်မှတ်ရန် မသင့်ကြောင်း သဘောထားမှတ်ချက်ပေးသည်။

ထိုသို့ သဘောထားကွဲလွဲမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရန် ညွှန်ကြားခဲ့ရာ ထောက်ခံမဲ ၁၀၅ မဲ၊ ကန့်ကွက်မဲ ၆၄ မဲနှင့် ကြားနေမဲ ၅ မဲ ရရှိသည့်အတွက် ဥပဒေကြမ်းကော်မတီ၏ သဘောထားက အတည်ဖြစ်ခဲ့သည်။

ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ အပိုဒ်ခွဲ(၃)တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးများအစား ၁၆ နှစ်အဖြစ် ပြင်ဆင်သတ်မှတ်ရန် ရန်ကုန်တိုင်းမှ အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်သူ နော်လှလှစိုးက အဆိုပြုခဲ့သေးသည်။

ယခုပြင်ဆင်သည့် ဥပဒေကြမ်းသည် သက်ငယ်မုဒိမ်းမှုအတွက် အဓိကပြင်ဆင်ခြင်း ဖြစ်ခြင်းကြောင်း အသက်(၁၆) နှစ်ဟု ပြောင်းလဲပြင်ဆင်ရန် မသင့်ကြောင်း ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း ဥပဒေကြမ်းကော်မတီ၏ သဘောထားအတိုင်း အသက် ၁၂ နှစ်အဖြစ် အတည်ဖြစ်ခဲ့သည်။

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် အဆိုပါ ရာဇသတ်ကြီးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ဘက်သို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ပြီး သဘောထား ကွဲလွဲမှု မရှိပါက ယခုအတိုင်း အတည်ပြုဖြစ်သွားမည်ဖြစ်ပြီး သဘောထားကွဲလွဲပါက  ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required