ရန်ကုန်၊ နိုဝင်ဘာ ၂၈ ။ ။ Voice Of The Youth Music Festival 2018 (လူငယ်များရဲ့အသံ ဂီတပွဲတော်) ကို ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိ ရန်ကုန်မြို့၊ဗိုလ်တထောင်ကမ်းနား မှာ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသွားဖို့ စီစဉ်ထားတာလို့လည်း တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ စိန်ထူးကဆိုပါတယ်။
“ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့မတူညီတဲ့လူငယ်တွေပေ့ါ။ ဘာသာကွဲပြားတဲ့လူငယ်တွေ၊ လူမျိုးကွဲပြားတဲ့ လူငယ်တွေ၊ နောက်ယဉ်ကျေးမှုမတူဘူး။ အဲ့လိုလူငယ်တွေကို အတူတကွပူးပေါင်းပြီးဘယ်လိုအလုပ် လုပ်ကြမလဲ။ ဂီတနဲ့ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာကို ဘယ်လိုနည်းနဲ့တင်ပြကြမလဲဆိုတဲ့အရာကို ဦးတည်ပြီး အဲ့ရည်ရွယ်ချက်နဲ့ဒါကိုလုပ်ခဲ့တာ” လို့သူကပြောပါတယ်။
လူငယ်များရဲ့အသံ ဂီတပွဲတော်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ အော့ခစ်(စ်) ဟိုတယ်မှာပြုလုပ်ခဲ့ပြီး မီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေဆိုခဲ့တာဖြစ်ပါတယ်။အဆိုပါဂီတ ပွဲတော်ကို ၂၀၁၅ ခုနှစ်တည်းကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အခုကျင်းပဖို့ရှိနေတဲ့ ၂၀၁၈ ခုနှစ်ထိဆိုပါက ၄ ကြိမ် ရှိပြီလည်းဖြစ်ပါတယ်။
“ လူငယ်တွေရဲ့အသံကို လူထုဆီရောက်အောင်၊ ပြီးတော့ လူငယ်တွေရဲ့ရင်ဘတ်ထဲမှာရှိတဲ့ ပြောမထွက် လာတဲ့ စတိုရီတွေ၊ အကြောင်းအရာတွေကို လူထုကို ဂီတနဲ့ပေါင်းကူးပေးဖို့ဆိုတဲ့အချက်တစ်ချက်ပါ ပါဝင်တယ်” လို့ စိန်ထူးကဆက်ပြောပါတယ်။
အဆိုပါလူငယ်များရဲ့အသံ ဂီတပွဲတော်မှာ လူငယ်ဂီတပညာရှင် ၁၉ ယောက်ကဖျော်ဖြေသွားမှာဖြစ်ပြီး DJ အနေနဲ့ကတော့ DJ- Zaw GYI ကပါဝင်ပေးသွားမယ်လို့လဲပြောပါတယ်။ဒီအစီအစဉ်ကို ဒေသခံအဖွဲ့အစည်း တွေနဲ့ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဒိန်းမတ်သံရုံးကအဓိက ကူညီပေးထားတယ်လို့လဲသိရပါတယ်။