ဒမတ်စကပ်၊ နိုဝင်ဘာ ၂၆ ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရထိန်းချုပ်ရာ အလီပိုမြို့မှာ သူပုန််တွေက အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်တာကြောင့် အသက်ရှုရ ကျပ်ပြီး ဆေးရုံရောက်ရှိလာသူ ၁၀၀ နီးပါး ရှိတယ်လို့ အစိုးရမီဒီယာနဲ့ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
အနီးက အက်ဒ်လစ်မြို့က သူပုန်မဟာမိတ်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို ၎င်းတို့ မကျူးလွန်ကြောင်း ငြင်းထားပါတယ်။
အသက်ရှုကျပ်ကြပြီး ဆေးရုံကို ရောက်ရှိလာသူပေါင်းက ၁၀၇ ဦး ရှိတယ်လို့ အစိုးရပိုင် SANA သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။
ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ ဆေးရုံရောက်လာသူပေါင်းက ၉၄ ဦး ရှိတယ် ဆိုထားပေမယ့် အများစုက ဆေးရုံကနေ ပြန်ဆင်းသွားရပြီဖြစ်ပြီး ၃၁ ဦး ကျန်ရှိလို့ အခြေအနေလည်း မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
အလီပိုမြို့မှာ သူပုန်တွေက အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့တယ်လို့ အစိုးရမီဒီယာက စနေနေ့မှာ စွပ်စွဲဖော်ပြပါတယ်။ ကျန်းမာရေးတာဝန်ရှိသူ ဇီအက်ဟာ့ချ်က ကယ်လိုရင်းအဆိပ်ငွေ့နဲ့ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အလီပိုမြို့ဟာ အစိုးရလက်အောက်မှာ ထိန်းချုပ်ထားနိုင်ပေမယ့် အနီးနား အနောက်ပိုင်းက အက်ဒ်လစ်မြို့ဟာ အတိုက်အခံတွေရဲ့ နောက်ဆုံးအကြီးဆုံးခံတပ်အဖြစ် ရှိနေပြီး သူပုန်နဲ့ ဂျီဟတ်အုပ်စုတွေ ကြီးစိုးထားတာ ဖြစ်ပါတယ်။