နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Istora အားကစားရုံ၌ ကျင်းပမည့် ONE: WARRIOR'S DREAM ပြိုင်ပွဲကြီး၏ ဒုတိယအဓိကပွဲစဉ်တွင် Nieky Holzken သည် Cosmo Alexandre နှင့် ရင်ဆိုင်ရမည့်ပွဲအပေါ်အလဲထိုးတိုက်ကွက်ဖြင့် ပွဲသိမ်းအနိုင်ယူကာ မှတ်တမ်းကောင်း ရယူရန်မျှော်လင့်လျှက်ရှိသည်။
အသက် ၃၄နှစ်အရွယ် ဒတ်ချ်လူမျိုး Kickboxing ကစားသမားဖြစ်သူ Nieky က ONE Championship နှင့် စာချုပ်ချုပ်ဆိုရခြင်းသည် ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်သော မိမိအတွက် မှတ်တိုင်တစ်ခုဖြစ်သည်ဟု ဆိုသည်။
“ဒါဟာ ကျွန်တော်အတွက် အရမ်းကောင်းတဲ့အခွင့်အရေးပါ။ ONE က အလျှင်အမြန်တိုးတက်နေတဲ့ အဖွဲ့အစည်းဖြစ်လို့ ကျွန်တော်လည်း တစ်စိတ်တစ်ဒေသပါဝင်ခွင့်ရချင်ပါတယ်။Alexandre က ကစားသမားကောင်းတစ်ယောက်ပါ။သူ့ရဲ့ ဒူးတိုက်ကစားကွက်တွေက ကောင်းတယ်။ ဒါပေမယ့် သူ့ရဲ့ လက်ဝှေ့စွမ်းရည်ကတော့ အားနည်းတယ်လို့ ထင်ပါတယ်။ ပြိုင်ဘက်ကောင်းကို ရင်ဆိုင်အနိုင်ယူနိုင်မယ်ဆိုရင် ကောင်းတာပေါ့။” ဟု Nieky Holzken က ပြောသည်။
“ကျွန်တော် ONE မှာ ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာမှာပါ။ နိုဝင်ဘာ ၁၇ ရက်နေ့ကျရင် ကျွန်တော် အလဲထိုးတိုက်ကွက်နဲ့ ပွဲသိမ်းအနိုင်ယူလိုက်တာကို အားလုံး တွေ့ရမှာပါ။” ဟု ခန့်မှန်းပြောဆိုသည်။
သူသည် ခက်ခဲသောဘဝမျိုးကို ဖြတ်သန်းခဲ့ရသူဖြစ်ကာ အထူးသဖြင့် ကြမ်းတမ်းသော ငယ်ဘဝမျိုး ပိုင်ဆိုင်ခဲ့ရသည်။ လူငယ်ဘဝတွင် လမ်းပျောက်ခဲ့ရဖူးကြောင်းလည်း ဝန်ခံပြောကြားထားသည်။ ကိုယ်ခံပညာကြောင့်သာ ၎င်းအမှန်တကယ် လိုချင်သော ဘဝကို ရှာဖွေတွေ့ရှိနိုင်ခဲ့ကာ၊ ကိုယ်ခံပညာနည်းပြဆရာများ၏ ပုံသွင်းလေ့ကျင့်ပေးမှုကြောင့် အမူအကျင့်ကောင်းများ ပြန်လည်မွေးမြူနိုင်ခဲ့သည်။
“ကျွန်တော်က ငယ်ငယ်တုန်းက ဆိုးသွမ်းတဲ့ ကလေး တစ်ယောက်ဖြစ်ခဲ့တယ်။ အသက် ၉ နှစ်အရွယ်မှာ ကျောင်းထုတ်ခံရပြီး ကျောင်းပြောင်းခဲ့ရတယ်။ ကျောင်းတက်ရတာ မပျော်ဘူး။ ကျွန်တော်က ဉာဏ်ကောင်းပေမယ့် သင်ယူချင်စိတ်မရှိခဲ့ဘူး။ ကျွန်တော်မိဘတွေက ကွာရှင်းထားတယ်။ ကျွန်တော် အဖေ့မိသားစုတွေနဲ့ပဲ အဆက်အသွယ်ရှိပြီး အမေနဲ့က အဆက်အသွယ်မရှိခဲ့ဘူး။”ဟု Nieky Holzkenက ပြောပြသည်။
“ကျွန်တော် Ramon Dekkers ၊ Cor Hemmers ၊ Sjef Weber တို့နဲ့ လေ့ကျင့်ခဲ့တယ်။ Sjef ကြောင့် ကျွန်တော် လက်ဝှေ့ကို ကောင်းကောင်းထိုးတတ်လာတယ်။ Ramon ၊ Cor တို့နဲ့ Kickboxing လေ့ကျင့်ဖြစ်တယ်။ အဲ့ဒါတွေကြောင့် ကျွန်တော့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အမူအကျင့်တွေ တိုးတက်လာပြီး ကိုယ့်ကိုယ်ကို လေးစားမှုရှိလာတယ်။” ဟု ၎င်းက ထပ်မံပြောဆိုခဲ့သည်။
Holzkenသည် Kickboxing ချန်ပီယံ တစ်ယောက်ဖြစ်ချင်ရုံသာမကဘဲ ၎င်း၏ မိသားစုဘဝတွင်ပါ အောင်မြင်သော ချန်ပီယံတစ်ယောက် ဖြစ်လိုသူဖြစ်သည်။
“ကျွန်တော့်ရဲ့သားသမီးတွေကို မိစုံဖစုံနဲ့ နေစေချင်တယ်။ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရာတွေက ကျွန်တော်ကို ပိုကောင်းမွန်တဲ့ ဖခင်တစ်ယောက်ဖြစ်စေခဲ့တယ််။” ဟု အဆုံးသတ်ပြောခဲ့သည်။