ကြိုတင်မဲတွေ ယိုပေါက်မဖြစ်ဖို့ သတိရှိပါ

ကြိုတင်မဲတွေ ယိုပေါက်မဖြစ်ဖို့ သတိရှိပါ

ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအရ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွင် အမှားအ ယွင်းများစွာ ဖြစ်ပေါ်နေမှုကြောင့် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများသာမက အနုပညာရှင်များ သည်ပင်ရွေးကောက်ပွဲ မဲစာရင်းများကို သွားရောက် စစ်ဆေးကြရန် လှုံ့ဆော် တိုက်တွန်းလျက် ရှိနေကြသည်။

ရွေးကောက်ပွဲ မဲစာရင်းကို ၁၈ ကြိမ် ပြန်လည် ပြင်ဆင်ခဲ့ရပြီး ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်ခွဲများမှ တာဝန်ရှိသူတို့က ထုတ်ဖော် ပြောဆို လာသည့်အခါ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုများအပေါ် အထူး အာရုံစိုက်လာခဲ့ကြသည်။

မဲစာရင်း မှားယွင်းမှုများကို လူမှုအဖွဲ့အစည်း၊ ပါတီများနှင့် အနုပညာရှင်များ ထောက်ပြ ပြောဆိုကြပြီး ရွေးကောက်ပွဲ သမာသမတ် ကျမှုကိုလည်း ကြိုတင် စောဒက တက်ကြသည် ကိုတွေ့မြင် ရမည်ဖြစ် သည်။

မဲစာရင်း မှားယွင်းမှုက ရွေးကောက်ပွဲ ရလဒ်ကိုပင် ထိခိုက်လာနိုင်သည် ဟူသည့် ထင်မြင်ယူဆချက်များ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာခဲ့သည်။ ဤသည်က ဖြစ်နိုင်ခြေရှိသော၊ ဖြစ်လာနိုင်သော အခြေအနေများကို လက်တွေ့ အဖြစ်အပျက် များဖြင့် ခန့်မှန်း တွက်ချက်ကြခြင်း ဖြစ်သည်။ ဖြစ်လာနိုင်စရာ အကြောင်းအရာများနှင့် အချင်းအရာ များကို ထောက်ချင့်လျက် ခန့်မှန်း တွေးဆချက်များ မှန်လာနိုင်စရာ ရှိသည်။

မဲစာရင်း အမှားအယွင်းသည် ၇၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းသာ အမှန်ဖြစ်မည် ဆိုခြင်းကြောင့် ထင်ရှားသည့် အနုပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ ဝိုင်းဝန်း ကူညီရသည့် အခြေအနေထိ ဆိုက်ရောက် သွားတော့သည်။ ပါတီများသည်လည်း ရွေးကောက်ပွဲ မဲဆွယ်ချိန်တွင် မိမိတို့ပါတီ၏ မူဝါဒ၊ မျှော်မှန်းချက် ပြည်သူတို့အတွက် ဖြည့်ဆည်းပေးလိုသည့် အချက်များ အဓိကမကျ၊ မဲစာရင်း စစ်ရေးသာ အဓိက ဟောပြောစည်းရုံးနေကြရသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

မလိုအပ်သည့် အလုပ်ကို နိုင်ငံရေးပါတီများ လုပ်ကိုင်တိုက်တွန်း နေကြရသကဲ့သို့ မဲဆန္ဒရှင် များသည်လည်း မိမိတို့ အကျိုးအတွက် မည်သည့်ပါတီက အပြည့်အဝ လုပ်ဆောင်ပေးနိုင်မည်၊ မည်သည့် ပါတီ၏ မူဝါဒနှင့် မဲဆွယ်မှုများသည် မိမိတို့ လိုလားချက်နှင့် ကိုက်ညီသည်၊ မည်သည့် ပါတီသည် မိမိတို့ ဒေသအကျိုးအတွက် အပြည့်အဝ လုပ်ဆောင်ပေးနိုင်မည်ကို မစဉ်းစားနိုင်အား၊ မဲစာရင်းတွင် မိမိအမည်ပါ၊ မပါနှင့် မိမိ၏ ကိုယ်ရေး အချက်အလက်များ မှန်၊ မမှန်ကိုသာ အဓိကထား အာရုံ စိုက်နေကြရပြီ။

မဲစာရင်း မှားယွင်းမှုတွင် မဲစာရင်း၌ မပါသူများ ရှိနေသကဲ့သို့ မဲဆန္ဒရှင်စာရင်းတွင် ပိုပါ နေသူများ ရှိနေသည်။ မဲစာရင်းတွင် မိမိ အမည်မပါ၊ သို့မဟုတ် အချက်အလက် မှားယွင်းပါက အလွယ်တကူဖြေရှင်း ၍ ရနိုင်သော်လည်း အမှန်တကယ် မရှိသည့် မဲဆန္ဒရှင်များ၏ အမည်များ ပါဝင်နေခြင်းကိုမူ မည်သို့ ဖြေရှင်းမည်နည်း။ ကိုယ်နှင့် တိုက်ရိုက် ပတ်သက်ခြင်း မရှိသည့် အမည် ပိုများ ပါဝင်နေမှုအတွက် မည်သူမျှ ဖြေရှင်းလိုစိတ် ရှိမည် မထင်ပါ။

ပထမအကြိမ် မဲစာရင်း ထုတ်ပြန်မှုတွင် မပါဝင်သော်လည်း နောက်အကြိမ်များတွင် ထုတ်ပြန် သည့် စာရင်းများ၌ မဲဆန္ဒရှင် ထောင်နှင့်ချီ တိုးလာသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

နေပြည်တော် ကောင်စီနယ်မြေ တစ်ခုတည်းတွင်ပင် နောက်တိုး မဲဆန္ဒရှင် ၆၀,၀၀၀ ကျော် ရှိနေသည်။ ဆိုခဲ့သော မဲစာရင်း မှားယွင်းမှု အခြေအနေများဖြင့် အလုပ်ရှုပ်နေကြသော နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်များ၊ အရပ်ဘက် လူ့ အဖွဲ့အစည်းများသည် နောက်တိုး မဲဆန္ဒရှင်များနှင့် မဲစာရင်းတွင် အမှန် တကယ် မရှိဘဲ အပိုအဖြစ် ပါဝင်နေသူများကိုလည်း သတိရှိသင့်လှသည်။

အကြောင်းမှာ ထို အမှန်တကယ် မရှိသည့် မဲဆန္ဒရှင်များ၊ နောက်တိုး မဲဆန္ဒရှင်များကို ကြိုတင် မဲအဖြစ် ဖန်တီးနိုင်သည့် အခြေအနေများ ရှိနေနိုင်သည်ဟု ယူဆချက်ကြောင့် သတိပေးခြင်း ဖြစ်သည်။ လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် မဲစာရင်း မှန်ကန်ရေးသည် သာမက ဖြစ်လာ နိုင်ခြေရှိသည့် ကြိုတင်မဲများကိုလည်း သတိချပ် စေလိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags