စိတ်ပူစရာကောင်းတဲ့ ရွေးကောက်ပွဲ

စိတ်ပူစရာကောင်းတဲ့ ရွေးကောက်ပွဲ

“ရွေးကောက်ပွဲကို အဆုံးအဖြတ်ပြုသူဟာ မဲဆန္ဒရှင် ပြည်သူတွေ မဟုတ်ဘူး။ မဲရေတွက်သူ တွေသာ ဖြစ်တယ်” ဂျိုးဇက် စတာလင် (ဆိုဗီယက်ပြည်ထောင်စု အာဏာရှင် ခေါင်းဆောင်)။စတာလင်ပြော သည်မှာ မှန်ကန်သည်။ မဲဆန္ဒရှင် ပြည်သူများတွင် အခွင့်အရေးတစ်ရပ်မှာ မဲပေးခွင့်ရခြင်းပင် ဖြစ်သည်။ လွတ်လပ်စွာ မဲပေးခွင့်ရလျှင် တော်တော့် အခွင့်အရေးရခြင်း ဖြစ်သည်။ သို့သော် ယင်းမဲများကို မှန်မှန်ကန်ကန် ရေတွက်ပြီး မှန်ကန်သော ရလဒ်ထွက်ရန်မှာ မဲရုံမှူးများနှင့် ရွေးကောက်ပွဲ ကော်မရှင်အပေါ်တွင် တာဝန်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများအရ မဲရုံများ ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် မဲရုံမှူးများ ခန့်အပ် တာဝန်ပေးခြင်းကို ကော်မရှင်က ဆောင်ရွက် သည်ဖြစ်ရာ ကော်မရှင်၏ စီမံခန့်ခွဲမှု ပါဝင်နေသည်။ ကော်မရှင် ဥက္ကဋ္ဌမှစပြီး အဆင့်ဆင့်သော ကော်မ ရှင်များတွင် စစ်တပ်ထွက် ပုဂ္ဂိုလ်များ ပါဝင်နေသည်ကိုလည်း တွေ့ရသည်။

မဲဆန္ဒရှင် ပြည်သူများက ပြည်သူ့ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ မဲပေးရွေးချယ် ခွင့်သည် ဒုတိယအဆင့် ဖြစ်ပြီး ပထမအဆင့်ဖြစ်သော မဲစာရင်း ထုတ်ပြန်မှုမှာပင် အမှားပေါင်း သောင်းခြောက်ထောင်နှင့် လက်ရှိ ကြုံတွေ့နေရသည်။ မှားရင်းပြင်ရင်း ပြင်ရင်းမှားရင်း သံသရာလည် နေသော အကြိမ်ကြိမ် ထုတ်ပြန်သည့် မဲစာရင်းများသည် ရွေးကောက်ပွဲရက် မတိုင်မီ ထုတ်ပြန်မည့် အချိန်ထိ မှားမြဲ မှားနေဦးမည် ဖြစ်သည်။ စက်တင်ဘာ ၁၄ က ထုတ်ပြန်သည့် မဲစာရင်းများတွင်လည်း အမှားပေါင်း ကုဋေကုဋာ ပါဝင်နေပြန်သည်။

မဲစာရင်းနှင့် ပတ်သက်လျှင် နိုင်ငံတော်ဘဏ္ဍာငွေကို ကျပ်သန်း ထောင်သောင်းချီ ရယူသုံးစွဲ ထားသော ရွေးကောက်ပွဲကော်မရှင်တွင် များစွာ တာဝန်ရှိနေသည်။ ထို့အတူ ယင်းမှားယွင်းသော မဲစာရင်း များပေါ်တွင် အခြေခံကျင်းပမည့် ရွေးကောက်ပွဲရက်တွင် မဲရေခြင်းနှင့် ရလဒ်ကြေညာခြင်း တို့ကိုလည်း ကော်မရှင် အဆင့်ဆင့်၏ စီမံခန့်ခွဲမှု အောက်တွင် ကျင်းပဦးမည်ဖြစ်ရာ သံသယဖြစ်စရာကောင်း သည်။

ယခုအခါ ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သမ္မတတို့က လွတ်လပ်မျှ တသော ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု နှုတ်မှ တဖွဖွ ပြောနေသော်လည်း ဖြစ်ခဲ့ဖူး၊ ဖြစ်နေဆဲ အဖြစ် အပျက်များနှင့် လက်တွေ့ မျက်တွေ့ လုပ်ရပ်များက အပြောနှင့်အလုပ် မညီညွတ်သည်ကိုလည်း တွေ့ရသဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဆိုသည်မှာ မကျင်းပမီကတည်းကပင် မေးခွန်းများ စွာ ပေါ်ပေါက်လျက် ရှိသည်။

အာဏာရပါတီ မဟုတ်သော သို့မဟုတ် အာဏာရပါတီ၏ နောက်မြီးဆွဲပါတီ မဟုတ်သော နိုင်ငံရေး အသိုင်းအဝိုင်းမှ လွဲ၍ ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ အပါအဝင် ပြည်သူ့ ကိုယ်စားလှယ်လောင်းများသည် လာလတ္တံသော ရွေးကောက်ပွဲအပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေကြ သည်။ သို့သော် စိုးရိမ်ပူပန်သည်က တစ်ဘက်၊ ဥပဒေက ခွင့်ပြုထားသော တရားဝင် မဲဆွယ် စည်းရုံး ရေးကာလ ရက်ပေါင်း ၆၀ ကို အကျိုးရှိအောင် သုံးစွဲသည်က တစ်ဘက် ဖြစ်ပါသည်။

မဲဆွယ်စည်းရုံးရေးကို သည်းသည်းသန်သန် လုပ်ဆောင်နေကြသည် ဆိုရုံမျှနှင့် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ရပ်လုံးအပေါ် ယုံကြည်မှု ရှိနေသည်ဟု ကောက်ချက်ဆွဲ မရနိုင်ပါ။ တခြားတစ်ဘက်တွင်တော့ မဲဆန္ဒရှင် ပြည်သူများသည် မဲစာရင်းမှစ၍ ဝေဝေဝါးဝါး ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို မယုံမရဲ ဖြစ်နေကြသည်။ အချုပ်ဆိုရသော် နိုဝင်ဘာ ၈ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် ယုံကြည်ထိုက်မှု၊ တရားဝင်မှုနှင့် အားလုံး ပါဝင်နိုင်မှုတို့တွင် စိုးရိမ်စရာများ ရှိနေသည်ကို မဇ္ဈိမက မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags