ရန်ကုန်၊ စက်တင်ဘာ ၂၄ ။ ။ အချစ်များစွာယူ တေးသီချင်းဖြင့် ပရိသတ်ကြား အောင်မြင်မှု ရရှိခဲ့သည့် အဆိုတော် ထွန်းရတီသည် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ဖြစ်သည့် "ချစ်ပြီးသား" တေးစီးရီး Audio CD စက်တင်ဘာ ၂၇ ရက်တွင် ထွက်ရှိတော့မည် ဖြစ်သည်။
အဆိုတော် ထွန်းရတီက "ဒီအခွေလေး စီစဉ်တာ တစ်နှစ်နဲ့ ခုနှစ်လလောက် ကြာသွားခဲ့ပါတယ်။ ဒီအခွေထဲမှာ ညီမကိုယ်တိုင် ရေးထားတဲ့ သီချင်းလည်း ပါမှာပါ။ ညီမ ဘက်ကတော့ အကောင်းဆုံး ကြိုးစားထားတယ် ကြိုက်တာ မကြိုက်တာကတော့ ပရိသတ်က ဆုံးဖြတ်မှာပါ" ဟု ပြောသည်။
ထိုအခွေတွင် ရွှေဂျော်ဂျော်၊ ဇဝါ၊ မိုးမိုး၊ ညီမင်းခိုင်၊ သိန်းလင်းစိုး၊ ခင်ဆွေလင်း၊ မိုင်း၊ ထွန်းရတီတို့ ရေးစပ်ထားသည့် သီချင်း ၁၂ ပုဒ် ပါဝင်သည်။
အဆိုတော် ထွန်းရတီသည် ၎င်း၏ ပထမမြောက် အချစ်များစွာယူ တေးအယ်ဘမ် ကို ၂၀၁၃ ခုနှစ်တွင် ထွက်ရှိ ခဲ့ပြီး ဒုတိယမြောက် တစ်ကိုယ်တော် အခွေတွင် တေးသီချင်း အမျိုးအစား စုံလင်အောင် ထည့်သွင်းထားကာ MTV ရိုက်ကူးမှုကိုတော့ Audio CD ထွက်ရှိပြီး နှစ်လ အကြာတွင် ရိုက်ကူး သွားမည် ဖြစ်သည်။
ချစ်ပြီးသား တေးစီးရီး Audio CD ကို The Sun Music Production မှ ထုတ်လုပ် ဖြန့်ချိ မည် ဖြစ်ပြီး အခွေ ထွက်ရှိသည့် စက်တင်ဘာ ၂၇ ရက်တွင် ပရိုမိုးရှင်း အနေဖြင့် ဒဂုံစင်တာ 2 တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။