၂၀၁၇ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းလတွေမှာ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ ညီဝမ်းကွဲဖြစ်သူ ရှိတ်ခါလက်ဟာ ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံးကမ်းလှမ်းမှုအဖြစ် ပေါင် ၂ဘီလီယံနဲ့ လီဗာပူးလ်အသင်းကို ဝယ်ယူဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပါတယ်လို့ Daily Mail က ကြာသပတေးနေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဥက္ကဌ တွမ်ဝင်နားဟာ ရှိတ်ခါလက်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နယူးယောက်မှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းကို လက်ရှိပိုင်ထားတဲ့ FSG ဟာ အသင်းကို အလုံးစုံရောင်းချဖို့ ဆန္ဒမရှိတဲ့အတွက် အရောင်းအဝယ်မဖြစ်မြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရှိတ်ခါလီဟာ ပင်လယ်ကွေ့ဒေသရဲ့ အအောင်မြင်ဆုံး စီးပွဲးရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး တရုတ်စီးပွားရေးသမားတွေနဲ့ ပူးပေါင်းကာ လီဗာပူးလ်ကို ဝယ်ယူဖို့ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
FSG က လီဗာပူးလ်အသင်းဟာ ရောင်းဖို့ မဟုတ်ဘူးဆိုတဲ့အချက်ပေါ်မှာ ရှင်းရှင်းလင်းရပ်တည်တယ်လို့ လီဗာပူးလ်ကလပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
လီဗာပူးလ်အသင်းကို လက်ရှိအချိန်မှာ အမေရိကန်လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားတာဖြစ်ပြီး ၂၀၁၀ ခုနှစ်က ၎င်းတို့ ဝယ်ယူခဲ့စဉ်က ပေါင်သန်း ၂၈၀ ခန့်သာ ကုန်ကျခဲ့တာဖြစ်ပါတယ်။
၂၀၁၆-၁၇ ရာသီအတွက် Deloitte က ဇန်နဝါရီလက ထုတ်ပြန်တဲ့ ကလပ်အသင်းဝင်ငွေစာရင်းမှာ လီဗာပူးလ်အသင်းရဲ့ ဝင်ငွေဟာ ပေါင် ၃၆၄.၅ သန်းအထိ စံချိန်တင်ရရှိခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ တီဗီမူပိုင်ခွင့်စာချုပ်သစ်ကြောင့် လာမယ့် နှစ်တွေမှာလည်း ဝင်ငွေပိုမိုတိုးလာဖွယ်ရှိပါတယ်။
ရှိတ်ခါလက်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းနဲ့အတူ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စိတ်အားထက်သန်နေသူဖြစ်ပြီး သူ့အနေနဲ့ လီဗာပူးလ်အသင်းကို နောက်ထပ်မြင့်မားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Ref; The 42, Daily Mail