အမေရိကန်အမျိုးသမီးတစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်များ ခိုးယူသည်ဟုဆိုကာ ပြီးခဲ့သည့်ခြောက်လကြာက တရုတ်အာဏာပိုင်များက ဖမ်းဆီးထားခဲ့ကြောင်း ၎င်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပြောသည်။
ဆန်ဒီဖန်ဂျေးလီဆိုသည့် ခင်ပွန်းဖြစ်သူ ဂျက်ဖ်ဂျေးလီက အမေရိကန်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် မလာရောက်မီ သူဇနီးသည်၏ အခြေအနေကို လူသိရှင်ကြားဖွင့်ချရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသူက စက်တင်ဘာ ၂၂ ရက်တွင် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း အတည်ပြုသည်။
အမေရိကန်အစိုးရဖက်က ယခုကိစ္စနှင့် ပတ်သက်ပြီး မည်သည့်ထင်မြင်ချက်မျှ မပေးသေးပေ။ ဆန်ဒီ၏ မိသားစုများက တရုတ်အာဏာပိုင်များ၏ စွပ်စွဲချက်များကို ငြင်းဆန်သည်။
ခင်ပွန်းဖြစ်သူနှင့် ရှေ့နေတို့၏ ပြောကြားချက်အရ နယူးယောက်တိုင်းမ်စ် သတင်းစာက ဆန်ဒီအဖမ်းခံရခြင်းကို သတင်းဖော်ပြသည်။
ဆန်ဒီသည် မတ်လအတွင်းက ကုန်သွယ်ရေးခရီးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား နေအိမ်အကျယ်ချုပ်သဘောမျိုးဖြင့် ခြောက်လကြာမျှ ချုပ်နှောင်ဖမ်းဆီးထားကြောင်း ၎င်းလွတ်မြောက်ရေးအတွက် လှုပ်ရှားသည့် Save Sandy ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်လီက ဆန်ဒီသည် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ပေးနိုင်သည့် အပြုအမှုလှုပ်ရှားမှုများကို ဆောင်ရွက်သည်ဟု သံသယရှိရကြောင်း၊ ၎င်းအား လက်ရှိတွင် သက်ဆိုင်ရာဌာနများက စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြောခဲ့သည်။
Ref: BBC