နေပြည်တော်၊ စက်တင်ဘာ ၂၂ ။ ။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ဂျပန်နိုင်ငံကို အားကျပြီး မြန်မာနိုင်ငံတွင်လည်း ပြည်သူလူထုက အုပ်ချုပ်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးရေးကို အောင်မြင်စေချင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။
“ပြည်သူအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးရေးကို အောင်မြင်အောင် ဆောင်ရွက်သွားကြရမှာဖြစ်တယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
စက်တင်ဘာ ၂၂ နံနက်ပိုင်းက နေပြည်တော်လွှတ်တော်တွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်တွင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဒုဝန်ကြီး H.E. Mr. Minoru Kiuchi နှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။
သို့သော် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပြီး အစိုးရတစ်ရပ်၏ သက်တမ်း ငါးနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ မျှော်မှန်းသကဲ့သို့ ဖြစ်မလာနိုင်သေးဟု သူရဦးရွှေမန်းက စက်တင်ဘာ ၂၁ရက်က ပြောဆိုထားသည်။
ဒီမိုကရေစီကျင့်သုံးမှုကြောင့် ချမ်းသာကြွယ်ဝသည့် ဂျပန်နိုင်ငံကို အားကျကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့်တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောသည်။
“မိမိတို့ မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်ချင်တယ်၊ ယခင်ကလို ပြန်လည်ချမ်းသာ ကြွယ်ဝချင်တယ်” ဟု ၎င်းက ဆိုသည်။