အင်ဒိုနီးရှားက အမြန်ရထားလမ်း စီမံကိန်းအတွက် တရုတ်ကို တည်ဆောက်ခိုင်းဖွယ်ရှိ

အင်ဒိုနီးရှားက အမြန်ရထားလမ်း စီမံကိန်းအတွက် တရုတ်ကို တည်ဆောက်ခိုင်းဖွယ်ရှိ

အင်ဒိုနီးရှားနိုင်ငံတွင် အမြန်ကျည်ဆန်ရထား တည်ဆောက်ရေး စီမံကိန်းအတွက် နိုင်ငံတော်ရန်ပုံငွေများ သို့မဟုတ် အစိုးရအာမခံများ လိုအပ်မည်မဟုတ်ကြောင်း ဆိုပြီးနောက် နိုင်ငံ၏ ပထမဆုံးအမြန် ရထားလမ်းစီမံကိန်း တည်ဆောက်ရေးအတွက် အစိုးရက တရုတ်ကို ရွေးချယ်တည်ဆောက်ခိုင်းဖွယ်ရှိသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဝန်ကြီး ရီနီဆိုမာနိုက တရုတ်နိုင်ငံဖက်ကလည်း နိုင်ငံတော်ဘတ်ဂျတ် သို့မဟုတ် အစိုးရအာမခံပါဝင်မှုများ မလိုအပ်ဘဲ စီးပွားရေးမှ စီးပွားရေးအစီအစဉ်အရ အမြန်ရထား လမ်းစီမံကိန်းကို ဆောင်ရွက်ရန် မူအားဖြင့် သဘောတူကြောင်း ပြောသည်။

"တရုတ်အစိုးရက ရထားဘူတာရုံတွေ တည်ဆောက်ရေးကို သဘောတူပါတယ်။ နည်းပညာပေးမှုတွေလည်း လုပ်ဆောင်မှာပါ။"ဟု ၎င်းက ပေကျင်းတွင် စက်တင်ဘာ ၁၆ ရက်က ပြောသည်။

တရုတ်အစိုးရက အင်ဒိုနီးရှားနိုင်ငံတွင်း ရထားတွဲများထုတ်လုပ်ရေးတင်မက အမြန်ရထားများ၊ လျှစ်စစ်ရထားများပါ ပူးတွဲထုတ်လုပ်သွားရန်အတွက် သဘောတူညီခဲ့ကြောင်း ရီနီက ပြောသည်။ နိုင်ငံတွင်း အသုံးပြုခြင်းအပြင် ရထားတွဲများအား အခြားအာဆီယံဒေသတွင်း နိုင်ငံများသို့ ရောင်းချသွားနိုင်မည်ဖြစ်ခြင်းကြောင့် အင်ဒိုနီးရှားအတွက် နိုင်ငံခြားငွေရရှိစေမည်ဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

အဆိုပါ စီမံကိန်းအတွက် အထောက်အပံ့ဖြစ်မည့် ရထားတွဲများထုတ်လုပ်ရာတွင် ကုန်ကြမ်းများထုတ်လုပ်ပေးနိုင်မည့် အလူမီနီယမ်စက်ရုံတစ်ရုံအားလည်း အင်ဒိုနီးရှားတွင် တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံက သဘောတူညီထားသည်။

အစောပိုင်းက အမြန်ရထားလမ်းစီမံကိန်းကို ဖျက်သိမ်းလိုက်ပြီဆိုသည့် သတင်းများထွက်ပေါ်နေခြင်းအပေါ် သမ္မတ ဂျိုကိုဝီက ငြင်းဆန်လိုက်ပြီး ၎င်း၏ အစိုးရအနေဖြင့် နိုင်ငံတော်ဘတ်ဂျတ်မသုံးဘဲ စီမံကိန်းကို တည်ဆောက်သွားလိုခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

Ref: ASIA NEWS NETWORK

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly