အသင်း တန်းပြန်မဆင်းနိုင်ဟု ဟံသာဝတီအသင်း နည်းစနစ်ဒါရိုက်တာ ဟောကိန်းထုတ်

အသင်း တန်းပြန်မဆင်းနိုင်ဟု ဟံသာဝတီအသင်း နည်းစနစ်ဒါရိုက်တာ ဟောကိန်းထုတ်
အသင်းနည်းစနစ်ဒါရိုက်တာ ဆီဗာဂျီ မဇ္စျိမသို့ ဖြေကြားနေစဉ် (ဓာတ်ပုံ - သောကြာ)

စက်တင်ဘာ ၁၅၊ ရန်ကုန်။       ။၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်များအကုန်တွင် ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းအနေဖြင့် တန်းပြန် မဆင်းနိုင်ဟု အသင်းနည်းစနစ်ဒါရိုက်တာ ဆီဗာဂျီက ဟောကိန်းထုတ်လိုက်သည်။

ဟံသာဝတီအသင်းသည် ၂၀၁၄ လိဂ်-၂ ဘောလုံးရာသီမှ နေရှင်နယ်လိဂ်-၁ သို့ တန်းပြန်တက်လာသောအသင်းဖြစ်ပြီး ၂၀၁၅ နေရှင်နယ် လိဂ်ဘောလုံးရာသီတွင် တန်းပြန်မဆင်းရရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်။

ဟံသာဝတီအသင်းသည် စင်ကာပူနိုင်ငံသား၊ အသင်းနည်းပြ ဟောင်း ဆီဗာဂျီ ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း နောက်ဆုံးသုံးပွဲတွင်မကွေးအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ကို ဂိုးမရှိသရေ၊ ဇေယျာရွှေမြေအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရလဒ်များကောင်းမွန်လာခဲ့သည်။

ဟံသာဝတီအသင်းသည် အသင်းနည်းစနစ်ဒါရိုက်တာ ဆီဗာဂျီ ပြန်လည်ရောက်ရှိပြီးမှသာ ၂၀၁၅ နေရှင်နယ်လိဂ်ဘောလုံးရာသီအတွက် ပထမဆုံး နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ' တန်းမဆင်းရဖို့ အများကြီး မျှော်လင့်ထားပါတယ်။

ဟံသာဝတီအသင်းက ကစားသမား တွေက အရည်အချင်းရှိတယ်။ အသင်းမှာ ဖြစ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ နောက်ပြီး ကစားသမားတွေရဲ့ ပိုင်းခြားတတ်တဲ့ အသိဉာဏ်ကြောင့် လိဂ်-၁ မှာ ဆက်ရှိမှာပါ။

ကျွန်တော် ထင်ပါတယ်။ အသင်းက လိဂ်-၁ မှာပဲ ဆက်ရှိမှာပါ။ ဒါပေမယ့် အလုပ်ကို ဒီထက်ကိုပြီး ကြိုးစားဖို့တော့ လိုပါတယ်။ နောက်ပွဲတွေမှာရလာမယ့် အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့က အရေးကြီးဆုံးပါပဲ'ဟု အသင်း နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီကမဇ္ဈိမသို့ ပြောသည်။

ဟံသာဝတီအသင်းသည် ပွဲစဉ် ၁၆ ပွဲကစားအပြီးတွင် တစ်ပွဲ နိုင်၊ ကိုးပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၀ တန်းဆင်းဇုန် အထက်တွင် ရပ်တည်နေသည်။

ဟံသာဝတီအသင်းသည် လက်ကျန်ပွဲ စဉ်များတွင် ဧရာဝတီအသင်း၊ မနောမြေအသင်း၊ ရတနာပုံအသင်း၊ ရခိုင်ယူနိုက်တက်အသင်း၊ ကမ္ဘောဇအသင်း၊ နေပြည် တော်အသင်းများနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး အနီးစပ်ဆုံး ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၁၈ ရက်တွင် ဧရာဝတီ အသင်းနှင့် သုဝဏ္ဏကွင်းတွင် ကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly