စက်တင်ဘာ ၁၁ ရက် ။ ။ ရန်ကုန်မြို့ရှိ ခေတ်မမီတော့သည့် မီးပွိုင့် ၁၅၄ ခုအား နိုင်ငံတကာ အဆင့်မီ အချက်ပြမီးပွိုင့်စနစ် များဖြင့် အစားထိုးနိုင်ရန် တင်ဒါလိုချင်သူများအနေဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးတင်သွင်းရမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရမည်ဖြစ်ပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကို အစိုးရအရံငွေမှ ထုတ်ယူ သုံးစွဲသွားမည်ဟု ရန်ကုန်စည်ပင် အတွင်းရေးမှူး ဦးကျော်စိုးကပြောသည်။
လမ်းကြောများပိတ်ဆို့မှုအတွက်ဖြေရှင်းရန်ရည်ရွယ်သည့် ယင်းတင်ဒါခေါ်ခြင်းကို ဇူလိုင်လထဲက ထုတ်ပြန်ထားခဲ့သည်ဟု သိရသည်။
ကုမ္ပဏီအခု ၅၀ ကို တင်ဒါတင်သွင်းခွင့်ပြုထားသော်လည်း ကုမ္ပဏီပေါင်း ၂၈ ခု သာလျှောက်လွှာတင်ထားသေးကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ် Global New Light of Myanmar ကဖော်ပြသည်။ တင်ဒါလျှောက်လွှာတစ်စောင်အား ကျပ် ၂ သိန်းခွဲဖြင့် ဝယ်ယူကြရမည်ဖြစ်ပြီး ကြိုတင်ငွေအဖြစ် ကျပ် ၅ သိန်းတင်ရမည်ဖြစ်သည်။
တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ကနိုင်ငံတကာတင်ဒါစနစ်အတိုင်း ပွင့်လင်းမြင်သာစွာ စနစ်တကျ ရွေးချယ်မည်ဟု စက်တင်ဘာ ၂ ရက် နိုင်ငံပိုင်သင်းစာအရ သိရသည်။ ယာဉ်ကြောထိန်း မီးပွိုင့်များတွင် စီစီတီဗွီများပါ တပ်ဆင်မည်ဟုဆိုသည်။
ရန်ကုန်စည်ပင်နယ်မြေအတွင်း ယာဉ်ကြောထိန်းမီးပွိုင့် ၁၈၈ ခုရှိပြီး ၁၁ ခုကို ဂျပန်နိုင်ငံ JICA အကူအညီဖြင့် အဆင့်မြှင့်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။