ဆီးရီးယားစစ်ပွဲတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ မညီမညွတ်ကွဲလွဲနေဆဲ

ဆီးရီးယားစစ်ပွဲတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ မညီမညွတ်ကွဲလွဲနေဆဲ

ပါရီ၊ စက်တင်ဘာ-၁၀။     ။ လှိမ့်ဝင်လာနေသည့် ဒုက္ခသယ်များနှင့် ကမ်းခြေတစ်ခုပေါ်တွင် လဲလျောင်းသေဆုံးနေသည့် လမ်းလျှောက်တတ်စ ကလေးငယ်၏ ပုံများက ပရမ်းပတာဖြစ်နေသည့် ဆီးရီးယားကို အသက်ရှူပေါက်ချောင်သွားစေခဲ့သော်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများမှာမူ စစ်ပွဲအတွက် အဖြေတစ်ခုရရန် သဘောတူညီဖို့အရေး ဝေးကွာနေဆဲပင်ဖြစ်သည်။

အခြေအနေက အရေးကြီးနေပြီဟု အသိဝင်နေကြပြီဖြစ်သော်လည်း အနောက်ဥရောပမှ အဓိကပလေယာများ၊ ပင်လယ်ကွေ့နိုင်ငံများ၊ ရုရှနှင့် အီရန်တို့ကမူ ဆီးရီးယားအကျပ်အတည်းတွင် လုံးဝခြားနားသည့် စစ်ရေးနှင့် သံတမန်ရေးနည်းဗျူဟာများကို ကျင့်သုံးနေကြသည်။.

ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ခွာနေမှုနှင့် အိုင်အက်စ်အကြမ်းဖက်အုပ်စုက ဖြစ်ပေါ်နေစေသည့် ဂျီဟတ်အန္တရာယ်ကြောင့် နိုင်ငံရေးဖိအားများ မြင့်တက်လာနေချိန်တွင် ပြင်သစ်နှင့် သြစတြေးလျတို့က ဆီးရီးယားမှ စစ်သွေးကြွများကို ဗုံးကြဲစစ်ဆင်ရေး တိုးချဲ့ဆင်နွှဲရန် စီစဉ်နေသည်။  

ဆီးရီးယားတွင် ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်မှုတစ်ခုအတွင်း ဗြိတိသျှဂျီဟတ်နှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက် ဗြိတိန်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန်သာ စဉ်းစားနေသည်။ အရှေ့အလယ်ပိုင်းကျွမ်းကျင်သူများကမူ အိုင်အက်စ်အပေါ်တွင်သာ အာရုံစိုက်နေခြင်းမှာ မှားယွင်းပြီး၊ မြို့များကို အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားစေခဲ့ပြီး လူပေါင်း ၂၄၀၀၀၀သေဆုံးခဲ့ရသည့် လေးနှစ်တာ ပြည်တွင်းစစ်အပြီးတွင် ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်နှင့် ညှိနှိုင်းခြင်းတွင်သာ ပုံအောစူးစိုက်သင့်သည်ဟု ပြောနေကြသည်။

ဒါက စစ်ရေးစွမ်းရည်ပြဿနာမဟုတ်ဘူး။ မဟာဗျူဟာ ပြဿနာသာလျှင်ဖြစ်ပါတယ်။ ဗြိတိန်၊ ပြင်သစ်နဲ့ သြစတြေးလျလေယာဉ်တွေ ပိုထည့်လိုက်ရင် အိုင်အက်စ်ပစ်မှတ်တွေကို ပိုဖျက်ဆီးနိုင်မှာ ဖြစ်ပေမယ့် အိုင်အက်စ်တွေ ဘာ့ကြောင့်ကျယ်ပြန့်လာရတယ်ဆိုတဲ့ အခြေခံကျတဲ့ ပြဿနာတွေကိုတော့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူးဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျုမှ အီမိုင်း ဟိုကာယမ်က ပြောကြားခဲ့သည်။

သုံးနိုင်ငံစလုံးက အီရတ်တွင်ရှိသော အိုင်အက်စ်ပစ်မှတ်များကို ဗုံးကြဲခဲ့ပြီးဖြစ်သော်လည်း အာဆတ်ကို ထောက်ခံရာမရောက်အောင် ဆီးရီးယားတွင် အမေရိကန်၊ ကနေဒါနှင့် ပင်လယ်ကွေ့မဟာမိတ်များကဲ့သို့ အလားတူလုပ်ဆောင်ရန်ကိုမူ ငြင်းဆန်နေကြဆဲဖြစ်သည်။  

စစ်ဆင်ရေးစတင်ပြီး တစ်နှစ်ကျော်အကြာ ထောင်ပေါင်းများစွာသော လေကြောင်းတိုက်ခိုကမှုများ ပြုလုပ်ခဲ့ဲပြီးဖြစ်သော်လည်း ညွှန့်ပေါင်းတပ်ဖွဲ့မှာ အိုင်အက်စ်များကို အီရတ်မြို့ ရာမာဒီနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဆီးရီးယား၏ ပယ်မိုင်ရာတို့ကို သိမ်းပိုက်ခြင်းမှ မရပ်တန့်မတားဆီးနိုင်ခဲ့ပေ။

ညွှန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာကိုမှ ပြောင်းလဲမသွားစေခဲ့ဘူး။ လိုတောင်လိုအပ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်ဟု နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်းမှ ကလိုင်ရာ တာလွန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly