ဇွဲကပင်အသင်းအိမ်ကွင်းအဖြစ် ဘားအံမြို့ရှိ အောင်သံလွင်ကွင်းကို အသုံးပြုမည်

ဇွဲကပင်အသင်းအိမ်ကွင်းအဖြစ် ဘားအံမြို့ရှိ အောင်သံလွင်ကွင်းကို အသုံးပြုမည်
ဇွဲကပင်အသင်းအိမ်ကွင်းအဖြစ်သုံးမည့် အောင်သံလွင်ကွင်း။

မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်ယူနိုက်တက်အသင်းသည် လာမည့်နှစ်ဘောလုံးရာသီတွင် အိမ်ကွင်းအဖြစ် ဘားအံမြို့ရှိ အောင်သံလွင်အားကစားကွင်းကို အသုံးပြုရန် အတွက် ပြင်ဆင်မှုများ စတင် ပြုလုပ်နေသည်။

ဇွဲကပင်အသင်းကို ၂၀၁၀ဘောလုံးရာသီကတည်းက ဖွဲ့စည်းထားပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဝင်ပြိုင်နေကာ ၂၀၁၃ဘောလုံးရာသီကတည်းက အိမ်ကွင်းကျင်းပနိုင်ရန် ကြိုးပမ်းနေသော အသင်းဖြစ် သည်။ “အောင်သံလွင်ကွင်းက အကြီးစားပြင်ဆင်မှုလုပ်ဖို့ မလိုပါဘူး။ မြန်မာနေရှင်နယ်လိဂ်ကော်မတီက သတ်မှတ်ထားတဲ့ စံချိန်အတိုင်း အနည်းငယ်ပြင်ဆင်ဖို့ပဲလိုပါတယ်။ အသင်းတွေလာကစားရင် တည်းခိုဖို့ ဟိုတယ်ကအစ စီစဉ်ဆောင်ရွက်နေပါတယ်။”ဟု ဇွဲကပင်အသင်း စီအီးအို ဦးတင်အောင်က ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၀၉ခုနှစ်ကတည်းက စတင်ကျင်းပနေသော်လည်း လက်ရှိအချိန်အထိ ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်၊ နေပြည်တော်၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ ဧရာဝတီယူနိုက်တက် စသည့်အသင်းများသာ အိမ်ကွင်းလက်ခံကျင်းပနိုင်သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly