လေ့ကျင့်သင်ကြားထားသော အမျိုးသမီးယာဉ်မောင်း ၈ ဦး YBS ယာဉ်လိုင်းများတွင် စတင်မောင်းနှင်

လေ့ကျင့်သင်ကြားထားသော အမျိုးသမီးယာဉ်မောင်း ၈ ဦး YBS ယာဉ်လိုင်းများတွင် စတင်မောင်းနှင်
ဓာတ်ပုံ - ကိုတရုတ်လေး

သြဂုတ် ၆ ရက်။ ။ YBS ယာဉ်လိုင်းများတွင်  အမျိုးသမီးယာဉ်မောင်းများကို ပိုမိုများပြားလာစေရန် ရည်ရွယ်ပြီး လေ့ကျင့်သင်ကြားပေးထားသော အမျိုးသမီးများအနက်မှ ၈ ဦး စတင်မောင်းနှင်နေပြီဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ သိရသည်။

“ကျွန်တော်တို့ အနာဂတ်မှာ အမျိုးသမီးယာဉ်မောင်းတွေကို တာဝန်ပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ စီမံ အုပ်ချုပ်မှုပိုင်းမှာ ဆိုရင် အမျိုးသားယာဉ်မောင်းတွေကို စီမံအုပ်ချုပ်ရတာ စည်းကမ်းတင်းကျပ်ရတဲ့ အပိုင်းတွေရှိ တယ်။ သူတို့က ယာဉ်တွေကို အပြိုင်အဆိုင်မောင်းတာ ရှိတယ်။ ယာဉ်စည်းကမ်းဖောက်ဖျက်ကျူးလွန်တာ၊ ခရီးသွားတွေကို ပြောတာရှိတယ်။ အမျိုးသမီးတွေမှာတော့ အဲဒါတွေနည်းတယ်” Power Eleven ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်း (ခ) ကိုတရုတ်လေးက ပြောသည်။

အမျိုးသမီးများကို  အမျိုးသားများနှင့်တန်းတူနေရာပေးရန် ရည်ရွယ်ပြီး လိုင်စင်သက်တမ်း ၃ နှစ်အထက် ရှိသူ အမျိုးသမီး ၃၀ ဦးကို လူထုမိတ်ဆွေ နှင့်Powe Eleven ကုမ္ပဏီတို့မှ လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ကာ အမျိုးသမီး ၈ ဦးကို မကြာသေးမီက စတင် မောင်းနှင်စေခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

ထို ယာဉ်မောင်း ၈ ဦးမှာ လက်ရှိတွင် လူထုမိတ်ဆွေပြည်သူ့ အကျိုးပြုယာဉ်လိုင်း ကုမ္ပဏီ YBS ၇၈ ယာဉ်လိုင်း ၌ ၂ ဦးနှင့် Power Eleven ကုမ္ပဏီ YBS ၂၁ ယာဉ်လိုင်းတွင် ၆ ဦး အဖြစ် အသီးသီး မောင်းနှင်နေခြင်းလည်း  ဖြစ်သည်။

အဆိုပါ အမျိုးသမီးယာဉ်မောင်းများကို ခန့်အပ်ထားသော လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်းကုမ္ပဏီ နှင့် Power Eleven ကုမ္ပဏီတွင် ခရီးသည်တင်ယာဉ် စုစုပေါင်း အစီးရေ ၅၀၀ ပြေးဆွဲရန် မျှော်မှန်းထားပြီး လက်ရှိတွင် ခရီးသည်တင်ယာဉ် ၂၅၀ ခန့် ပြေးဆွဲနေသည်။

YBS ၂၁ ယာဉ်လိုင်းတွင် အမျိုးသမီး YBS မောင်းနှင်သူ ရှိခဲ့ပြီး ရန်ကုန်မြို့တွင်းပြေးဆွဲနေသော တက္ကစီအချို့ တွင်လည်း အမျိုးသမီးယာဉ်မောင်းများ မောင်းနှင်လျှက်ရှိသော်လည်း အများစုက အမျိုးသားယာဉ်မောင်းများသာ ဖြစ်ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ တစ်လလျှင် ထောက်ပံ့ကြေးကျပ် ၂ သိန်းဖြင့် စတင် သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး သင်တန်းသူအမျိုးသမီးများကို  ကားကြီးများအား ငြိမ့်ညောင်းစွာ မောင်းနှင်နိုင်ရန်၊ ခရီးသည်များအား ယဉ်ကျေးစွာ ပြောဆိုတတ်စေရန်၊ ကားစက်ပစ္စည်းအစိတ်အပိုင်းများအား ကျွမ်းကျင်စွာ အသုံးချတတ်စေရန်နှင့် ဌာနတစ်ခုနှင့် တစ်ခု ချိတ်ဆက်ဆောင်ရွက်နိုင်ရန်စသည့် အချက် ၄ ချက်ကို အဓိက သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly