သြဂုတ် ၅ ။ ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသော မန္တလေးနှင့် ပုသိမ် အကယ်ဒမီ တို့မှ ယူ-၁၄ အသင်းများသည် လာမည့် သြဂုတ်လ ၆ ရက်မှ ၉ ရက်နေ့အထိ ဂျပန်နှင့် ထိုင်း ယူ ၁၄ အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ရန်ကုန်မြို့ရှိ မြက်ခင်းတုလေ့ကျင့်ရေးကွင်းတွင် ဂျပန်ဖူကူရှိးမား ယူ-၁၄ အသင်း၊ ထိုင်းယူ၁၄ အသင်းများဖြင့် ကစားရမည်ဖြစ်ပြီး ထိုပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပခြင်းဖြစ်သည်။
MFF U14 Youth Tournament ဟု အမည်ပေးထားသော အဆိုပါပွဲများကို အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အုပ်စုပတ်လည် ပြိုင်ပွဲများတွင် ပထမနှင့် ဒုတိယ ရရှိသော အသင်းများသည် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး တတိယနှင့် စတုတ္ထရရှိသော အသင်းများသည် တတိယနေရာလုပွဲကို ထပ်မံ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်ဟု ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။
ယူ ၁၄ အပြင် မကြာသေးခင်က ယူ ၂၃ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲပြုလုပ်ခဲ့သေးပြီး အိမ်ရှင် မြန်မာအသင်းသည် ဆိုးရွားသောရလဒ်များ ရရှိခဲ့သည်။