စက်တင်ဘာ ၄ ရက် ။ ။ သီလဝါအထူး စီးပွားရေးဇုန်၏ ပထမအဆင့် ဇုန်၏ ဟက်တာ ၄၀၀ တွင် အခြေခံအဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းမှာ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၉၉ ဒသမ ၇၆ သန်းရှိခဲ့ပြီဟု သိရသည်။
၂၀၁၅ ခု ဇူလိုင်လအထိ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ၃၈ ခုအား ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ရာမှ ယင်းငွေပမာဏရရှိခြင်း ဖြစ်သည်ဟု သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က
စက်တင်ဘာ ၃ ရက်နေ့ နေပြည်တော်၌ ကျင်းပသည့်မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေးတွင်ပြောသည်။
ယခင်က ဇုန်ဧရိယာကို ဟက်တာ ၂၄၀၀ သတ်မှတ်ထားသော်လည်း သြဂုတ် ၃၁ ရက်ပြန်ကြားရေး သတင်းတစ်ပုဒ်အရ လက်ရှိအကောင်အထည်ဖော်နေသည့် ဟက်တာ ၄ဝဝ အပြင် ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်လိုက်သဖြင့် ပထမအဆင့်အတွက် ဟက်တာ ၄၁၀ ဖြစ်သွားပြီး၊ စုစုပေါင်း ၂၄၁၀ ဟက်တာဖြစ်သွားသည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး MOI ကို ၂ဝ၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးသည်။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုနှင့် အကြို သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်းလည်း ဦးဆက်အောင်က အစည်းအဝေး၌ တင်ပြသည်။
စီမံကိန်း ဒုတိယအဆင့် ဟက်တာ ၅ဝဝ ခန့်ကိုလည်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် အကြိုလေ့လာရေးများ စတင်ဆောင်ရွက်နေပြီဟုလည်းဆိုသည်။