အစ္စရေး-ဂါဇာနယ်စပ်မှာ ဆန္ဒပြမှုများ အသစ်ထပ်မံပေါ်ပေါက်ကာ လူနှစ်ဦး သေဆုံး

အစ္စရေး-ဂါဇာနယ်စပ်မှာ ဆန္ဒပြမှုများ အသစ်ထပ်မံပေါ်ပေါက်ကာ လူနှစ်ဦး သေဆုံး

 

ဂါဇာစီးတီး၊ ဇူလိုင် ၂၈ ။        ။ ဂါဇာ-အစ္စရေးနယ်စပ်မှာ ဆန္ဒပြမှုတွေ အသစ်ထပ်မံဖြစ်ပွားခဲ့ရာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး ဇူလိုင် ၂၈ ရက်မှာ သေဆုံးခဲ့ရကြောင်း ဟားမတ်စ်ထိန်းချုပ်တဲ့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

တောင်ပိုင်း ဂါဇာကမ်းမြောင်ဒေက ရာဖတ်အရပ်က ထိပ်တိုက်တွေ့မှုမှာ အသက် ၁၄ နှစ်အရွယ် ယောက်ကျားလေးတစ်ဦး ခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ခန်းယန်နက်စ် တောင်ပိုင်းမြို့က ရှေ့တန်းစည်းရိုးနားမှာလည်း အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး အစ္စရေးစစ်သားတွေ ပစ်ခတ်လို့ ခေါင်းကိုပဲ ထိမှန်သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစောပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီသေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ အစ္စရေးစစ်တပ်ဖက်က တိုက်ရိုက်ထင်မြင်ချက်မပေးပေမယ့် အင်အား ၇၀၀၀ နီးပါးရှိတဲ့ ပါလက်စတိုင်း ဆူပူအကြမ်းဖက်သူတွေဟာ နယ်စပ်တစ်လျှောက်က နေရာတစ်ချို့မှာ အစ္စရေးစစ်သားတွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ ကားတာယာတွေ မီးရှို့ပြီး ပစ်သွင်းတာတွေ လုပ်ဆောင်ကြောင်း ပြောထားပါတယ်။

“တပ်ဖွဲ့ဝင်တွေအနေနဲ့ ဆူပူအကြမ်းဖက်မှု မကြီးထွားအောင် တာဝန်ယူတုံ့ပြန်နေတာဖြစ်ပြီး ပစ်ခတ်မှုတွေဟာလည်း ဥပဒေအရပဲ ဖြစ်တယ်။”လို့ အစ္စရေးစစ်တပ်ရဲ့ အင်္ဂလိပ်လို ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လက စတင်ဖြစ်ပွားတဲ့ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ အစ္စရေးစစ်တပ်ကြား အဓိကရုဏ်းအခြေအနေအတွင်း ပါလက်စတိုင်းဖက်က သေဆုံးသူပေါင်း ၁၅၆ ဦးအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အစ္စရေး လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အဖွဲ့ဝင်သေဆုံးရခြင်းကို လက်တုံ့ပြန်သွားမယ်လို့ ဟားမတ်စ်အဖွဲ့က ကြွေးကြော်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly