ဇူလိုင် ၂၈ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၏ အပန်းဖြေနေရာတစ်ခုဖြစ်သည့် ကျောက္ကာထန်းဇလုတ်ချောင်း ဝင်ကြေးကို လပြည့်နေ့ကဲ့သို့သော အခါကြီးရက်ကြီးများတွင် ပိုမိုကောက်ခံမှုများရှိနေကြောင်း လာရောက်အပန်းဖြေသူများက ပြောသည်။
ဝင်ကြေးကောက်ခံရာတွင် လူတစ်ဦးလျှင် ၁၅၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၃၀၀ ကျပ်၊ ကားတစ်စီးလျှင် ၅၀၀ ကျပ် ကောက်ခံနေမှုသည် သတ်မှတ်နှုန်းထားထက် ကျော်လွန်နေကြောင်း သိရသည်။
" ကျွန်တော်တို့က ရွာကနေ လာတာ ကျွန်တော့ကားလေးက Light Truck ဆိုတော့ ၁၀ ယောက်၊ ၁၅ ယောက်လောက်ဆန့်တယ်။ ကားဝင်ကြေးကို ၅၀၀ ကောက်တယ်။ ပြီးတော့ ကားပေါ်ပါ လူဦးရေအတိုင်း တစ်ယောက်ကို ၁၅၀ ကောက်တယ်။ အခါတိုင်း ဒီလိုမကောက်ဘူး ။ ဒီနေ့က ဝါဆိုလပြည့်နေလည်း ဖြစ်တာကြောင့် ဒီမှာတော်တော်ကို စည်တယ်" ဟု လာရောက်အပန်းဖြေသူ တစ်ဦးက ဇူလိုင်လ ၂၇ ရက်က ပြောသည်။
မုံရွာမြို့နယ် စည်ပင်သာရေးကော်မတီမှ ထန်းဇလုတ်ဝင်ကြေးကို လူတစ်ဦး ၁၀၀ ကျပ်၊ဆိုင်ကယ်တစ်စီး ၂၀၀ ကျပ်၊ ကားတစ်စီး ၅၀၀ ကျပ်သတ်မှတ်ထားပြီး ပိုမိုကောက်ခံမှုများ ရှိပါက တိုင်ကြားနိုင်ကြောင်း သိရသည်။
"ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်ပါ ။ ဒီလိုရက်တွေဆိုရင် ကျွန်တော်တို့က ပိုပြီးကောက်ပါတယ် " ဟု ဂိတ်မှ ငွေကောက်ခံနေသူ တစ်ဦးက ဆိုသည်။
ထန်းဇလုတ်ချောင်းသို့ အခါကြီးရက်ကြီးနေ့များ လာရောက်အပန်းဖြေသူ လူဦးရေ တစ်သိန်းဝန်းကျင်ရှိပြီး အဆိုပါနေ့များတွင် အနယ်နယ်အရပ်အရပ်မှ လာရောက်သူများဖြင့် ပိုမိုစည်ကားကြောင်း သိရသည်။