ဇူလိုင် ၂၆၊ ရန်ကုန်။ ။ မြန်မာလက်ရွေးစင်ယူ ၂၃ အသင်းဟာ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ALPINE CUP 2018 အတွက် မန္တလေးမြို့မှာ အခြေစိုက်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။
ပြိုင်ပွဲကို မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းမှာ သြဂုတ် ၁ ရက်ကနေ ၅ ရက်ကနေ ကျင်းပသွားမှာဖြစ်ပြီး မြန်မာယူ ၂၃ အသင်းနဲ့အတူ တောင်ကိုရီးယားယူ ၁၉ အသင်း၊ ဘာရိန်းယူ ၂၃ အသင်းနဲ့ ထိုင်းယူ ၂၃ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ်လအတွင်းကျင်းပမယ့် အာရှအားကစားပြိုင်ပွဲအတွက် ရည်ရွယ် ပြင်ဆင်တဲ့အနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပတာလည်း ဖြစ်ပါတယ်။
ဂျာမနီလူမျိုးနည်းပြ အန်တွိုင်းဟေးလ်ကိုင်တွယ်နေတဲ့ မြန်မာယူ ၂၃ အသင်းဟာ ALPINE CUP 2018 ပြိုင်ပွဲ ပထမပွဲစဉ်မှာ တောင်ကိုရီးယား၊ ဒုတိယပွဲစဉ်မှာ ဘာရိန်း၊ တတိယပွဲစဉ်မှာ ထိုင်းအသင်းတွေနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
အသင်းအနေနဲ့ ဇူလိုင် ၂၃ ရက်ကတည်းက မန္တလေးမြို့မှာ ရောက်ရှိနေပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာပါ။ အသင်းမှာ လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့်ကစားသမားတွေကို ပေါင်းစပ်ရွေးချယ်ထားပါတယ်။
ထိုင်းကလပ် ပုလိစ်တယ်ရိုအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ တိုက်စစ်မှူးအောင်သူလည်း ရွေးချယ်ခံထားရပြီး ပြိုင်ပွဲနီးမှ အသင်းနဲ့ လာရောက်ပူးပေါင်းမှာပါ။
ယူ ၂၃ လို့ သတ်မှတ်ထားပေမယ့် သက်ကျော်ကစားသမား လေးဦးကို ရွေးချယ်ထားပြီး နောက်ဆုံးလူစာရင်းမှာ သုံးဦးသာ ရွေးချယ်မှာ ဖြစ်ပါတယ်။
ကွင်းဝင်ကြေးကို ၃၀၀၀၊ ၂၀၀၀ ကျပ်သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်တွေကို ဇူလိုင် ၂၅ ရက်ကစပြီး ဗထူးအားကစားကွင်းနဲ့ မန္တလေးဘောလုံး အကယ်ဒမီတို့မှာ ရောင်းချပေးနေပြီဖြစ်ပါတယ်။
Photo; MFF