ဇူလိုင် ၂၀၊ လီဗာပူးလ်။ ။ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ဘရာဇီးဂိုးသမား အယ်လီဆင်က သူဘာကြောင့် အခုလို ပြောင်းဖြစ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို ပြောဆိုလိုက်ပါတယ်။
အယ်လီဆင်ဘက်ကာဟာ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၆၇ သန်းနဲ့ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ချန်ပီယံလိဂ်ပွဲလာကစားရင်း အန်ဖီးလ်ကွင်းက ပရိသတ်တွေရဲ့ အားပေးပုံကို မြင်တွေ့ခဲ့ရတာက အခုလို ပြောင်းလာဖို့ ဆုံးဖြတ်ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါလို့ အယ်လီဆင်က ပြောဆိုလိုက်တာပါ။
“ဟုတ်ပါတယ်။ အဲဒါက ဆုံးဖြတ်ချက်အတွက် အရေးပါတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒါက အသင်းတစ်သင်းကနေ တစ်သင်းကို ပြောင်းတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ပါဘူး။
ဘဝတစ်ခုလုံး အပြောင်းအလဲဖြစ်နိုင်တာမျိုးပါ။ ကျွန်တော့်မိသားစုဘဝ၊ ဇနီးနဲ့ သမီးတို့ရဲ့ဘဝတွေပါ အပြောင်းအလဲဖြစ်နိုင်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးပါ။
အဲဒီပွဲက ကျွန်တော့်အပေါ် လွှမ်းမိုးမှုရှိခဲ့တယ် ဆိုပေမယ့် တခြားပွဲတွေကိုလည်း ကျွန်တော်ကြည့်ခဲ့ပါသေးတယ်။ အဲဒီမှာ နည်းပြ ကလော့ပ်ရဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေကို တွေ့ခဲ့ရပြီး ကျွန်တော့်ကို ဒီအသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်လာစေဖို့ စိတ်လှုပ်ရှားစေခဲ့ပါတယ်”လို့ အယ်လီဆင်က ပြောပါတယ်။
လီဗာပူးလ်နည်းပြ ကလော့ပ်ကလည်း အယ်လီဆင်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆို ထားပါတယ်။
ဂိုးသမားအယ်လီဆင်အနေနဲ့ လီဗာပူးလ်မှာ ရိုးမားအသင်းဖော်ဟောင်း ဆာလာနဲ့ ပြန်ဆုံရမှာဖြစ်သလို ဘရာဇီးလက်ရွေးစင် အသင်းဖော် ဖာမီနိုနဲ့လည်း ပြန်ဆုံရမှာပါ။
Ref; goal.com