ဇူလိုင် ၃၊ လီဗာပူးလ်။ ။ လီဗာပူးလ်အသင်းနှင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်သည့် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာသည် လီဗာပူးလ်အသင်း သမိုင်းတွင် လစာအများဆုံးရရှိသည့် ကစားသမားဖြစ်လာခဲ့သည်။
ဆာလာသည် ပြီးခဲ့သည့်နှစ်တွင် ရိုးမားမှ လီဗာပူးလ်သို့ပြောင်းရွှေ့စဉ်က တစ်ပတ်ပေါင် ၁၀၀, ၀၀၀ သာရရှိခဲ့ပြီး ခြေစွမ်းပြသ နိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၄၄ ဂိုးသွင်းနိုင်ခဲ့သည်။
စာချုပ်သစ်အရ ဆာလာသည် အန်ဖီးလ်တွင် ၂၀၂၃ ထိဆက်ရှိနေမည်ဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းချုပ်ဆိုထားခြင်း မရှိပေ။
တစ်ပတ်လုပ်ခမှာလည်း ပေါင် ၂၀၀, ၀၀၀ ထိတိုးမြင့်ရရှိမည်ဖြစ်ရာ အသင်းသမိုင်းတွင် လုပ်ခလစာအများဆုံးရသည့် ကစားသမားဖြစ်လာခဲ့ခြင်းဖြစ်သည်။
စာချုပ်သစ်ချုပ်နိုင်ခဲ့၍ ဝမ်းမြောက်ကြောင်းကို ဆာလာက လီဗာပူးလ်၏ တရားဝင်ဆိုရှယ်မီဒီယာအကောင့်ရှိ ရုပ်သံထဲတွင် ပြောဆိုခဲ့သည်။
ဆာလာက “ဟယ်လို လီဗာပူးလ် ပရိသတ်ကြီး၊ အသင်းနဲ့ ကျွန်တော် စာချုပ်သစ်ချုပ်လိုက်ပြီဆိုတဲ့အကြောင်း ဝမ်းသာအားရ ပြောပြချင်ပါတယ်။
အသင်းနဲ့အတူ ပထမဆုံးနှစ်မှာ ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါ မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြံုတွေရခဲ့ ပါတယ်။ လီဗာပူးလ်အသင်းမှာ ရှိတဲ့လူတိုင်းအပြင် ကျွန်တော်တို့ရဲ့ပရိသတ်တွေဖြစ်တဲ့ ခင်ဗျားတို့ကိုရော ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့အားလုံး အောင်မြင်အောင် အတူလုပ်နိုင်မယ်ဆိုတာ သိတယ်။ ခင်ဗျားတို့နဲ့လည်း တွေ့ချင်နေပြီ။ မကြာခင် ပြန်တွေ့ကြမယ်” ဟု ပြောဆိုခဲ့သည်။
Ref; Daily Mail