ရန်ကုန် ၊ ဇူလိုင် ၂ ။ ။ ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ဖြင့် တရားစွဲသင့် မသင့်ကို လာမည့် ဇူလိုင်လ ၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဟု သိရသည်။
ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ၏ အပြီးသတ်လျှောက်လဲချက်များကိုနားထောင်အပြီး၌ တရားသူကြီးက ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
ဖမ်းဆီးပြီးနောက်သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရာဇသတ်ကြီးအမှုအမှတ်- ၄/ ၂ဝ၁၈ ဖြင့် အမှုစွဲတင်စစ်ဆေးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။