မန္တလေး၊ဇွန်လ ၂၈ ။ ။ မန္တလေးမြို့တွင် ညပိုင်းယာဉ် အန္တရာယ် လျှော့ကျရေးနှင့်မြို့လူထူ လုံခြံုစိတ်အေးချမ်းစွာ သွားလာနိုင်ရန်အတွက် လက်ရှိ အသုံးပြုနေသည့် 80 watt LED အစား လင်းအားပိုမိုရရှိမည့် အရည်အသွေးမြှင့် 115 watt LED မီးလုံး ၃၃၈၀ လုံးနှင့် အစားထိုးတပ်ဆင်ထားသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
ဒေါက်တာရဲလွင်က"Street light technology အရ လမ်းအကျယ်နဲ့တိုင်အမြင့်၊ arm length and angulation၊ တိုင်အကွာအဝေးတွေကို တွက်ချက်ပြီး လာမဲ့ ၁၂လ ဘတ်ဂျက်မှာ တိုင်တွေပါ လဲလှယ်သွားပါမယ်။ မီးလုံးတွေက အာမခံ ရနှစ်အထိရထားလို့ ကုမ္ပဏီက ထိန်းသိမ်းစောင့်ရှောက်သွားပါမယ်။"ဟုပြောသည်။
ဖြုတ်သိမ်းခဲ့သည့် 80 watt LED မီးလုံးတွေကို လမ်းမီးမရသေးသည့် နေရာများတွင် တပ်ဆင်ပေးသွားမည်ဖြစ်ဟုလည်း ဒေါက်တာရဲလွင်ကဆိုသည်။
မန္တလေးမြို့ ညပိုင်းတွင် လုယက်မှုအန္တရာယ်များ ဖြစ်ပေါ်ခဲ့ကာ မှုခင်းကျဆင်းရေးဆောင်ရွက်ပြီးနောက် မန္တလေးမြို့တော်ဝန်က ယင်းသို့ LED မီးသီးများ တပ်ဆင်လိုက်ခြင်း ဖြစ်သည်။