၀ါရှင်တန်၊ ဇွန် ၂၂ ။ ။ အမေရိကန်-မက္ကဆီကို နယ်စပ်က ရွှေ့ပြောင်းဝင်ရောက် ကလေးငယ်များဆီ ဇွန် ၂၁ ရက်က သမ္မတ ထရမ့်၏ ဇနီးဖြစ်သူ မယ်လာနီယာထရမ့်သည် အံ့အားသင့်စဖွယ် လာရောက်လည်ပတ်ခဲ့သည်။
သို့သော် ထိုသို့ လာရောက်ချိန် ဝတ်ဆင်လာသော ဂျက်ကက်အင်္ကျီကြောင့် အင်တာနက်ပေါ်တွင် ဝေဖန်မှုများ ဖြစ်ခဲ့ရသည်။
မယ်လာနီယာ၏ ဂျက်ကက်အင်္ကျီ ကျောဖက်တွင် “ငါတော့ လုံးလုံး ဂရုမစိုက်”ဆိုသော စာသားပါ ဂျက်ကက်အင်္ကျီကို ဝတ်ဆင်လာခြင်းပဲ ဖြစ်သည်။
ထိုအင်္ကျီကိုမှ ရွေးဝတ်လာခြင်းသည် မယ်လာနီယာက ပေးချင်သည့် သတင်းစကားလား။ မည်သူကို ဆိုလိုချင်တာလဲ စသည့်ဖြင့် အင်တာနက်ပေါ်တွင် အတွေးပွားစရာ ဖြစ်စေခဲ့သည်။
နယ်စပ်က ခိုးဝင်သူများတွင် အရွယ်ရောက်သူများအား ဖမ်းဆီးခြင်းကြောင့် ကလေးငယ်များ ကွဲကွာရသဖြင့် အိမ်ဖြူတော်အား ဝေဖန်မှုများ ပြင်းထန်နေစဉ် မယ်လာနီယာက ထိုလူကြီးမိဘနှင့် ကွဲကွာရသော ကလေးငယ်များထံ လာရောက်ကြည့်ရှုခြင်းလည်းဖြစ်ပြီး ယင်းဂျက်ကက်ကို ဝတ်ဆင်လာခြင်းလည်း ဖြစ်သည်။
ဇာရာတွင် ဒေါ်လာ ၃၉ ဒေါ်လာဖြင့် ရောင်းချသော စစ်စတိုင် ထိုဂျက်ကက်အား ဝတ်ဆင်လာခြင်းနှင့် သမ္မတကတော် ပြောခွင့်ရှိသူ စတီဖင်းဂရစ်ရှမ်းက “ဘာမှ ဖုံးကွယ်သတင်းစကား ပေးတာမျိုး မဟုတ်ပါဘူး။”ဟု ပြောသည်။
“ဒါဟာ အင်္ကျီတစ်ထည်ပဲလေ။ ဒီနေ့ အရေးကြီးတဲ့ ခရီးစဉ်အပြီးမှာ မီဒီယာတွေအနေနဲ့ သမ္မတကတော်ရဲ့ ဝတ်ဆင်ပုံကို ပစ်မှတ်ထားပြီး ဖော်ပြကြမှာ မဟုတ်ဘူးလို့ပဲ မျှော်လင့်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။