ရန်ကုန်၊ ဇွန်လ ၁၉ ။ ။ မြန်မာနိုင်ငံ၏ အကြီးဆုံးအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းမှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင်သူ အပါအဝင်အကျဉ်းသား ၁၉ ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ ဇွန်လ ၁၉ ရက်၊ ညနေ ၃ နာရီခွဲ၊ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ မိုးလုံလေလုံအားကစားခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အင်းစိန်အကျဉ်းထောင်မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဉ်းသူ/ သား ၃၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင်သူ ၁ ဦး၊ ဂုဏ်ထူး ၂ ဘာသာဖြင့် ၁ ဦး၊ ဂုဏ်ထူး ၁ ဘာသာ ၄ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၃ ဦး၊ စုစုပေါင်း ၁၉ ဦးထိ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့က မလွတ်မချင်း သူတို့ဒီထဲမှာ ရှိနေသရွေ့ သူတို့တက်ချင်တဲ့ဘာသာရပ်ကို ရအောင်လုပ်ပေးမှာပါ။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နဲ့ ချိတ်ဆက်ပေးထားတယ်။ တက္ကသိုလ်ပညာရပ်ကိုလည်း ဒီထဲမှာလာပြီးတော့ စာစစ်ဌာနက ဖွင့်လှစ်ပေးထားတယ်"ဟု အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးကပြောသည်။
ယနေ့ ဂုဏ်ပြုချီးမြှင့်ရာတွင် အကျဉ်းသူ/သားများသာမက သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများကိုပါ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဂုဏ်ထူး ၁ ဘာသာလျှင် ကျပ် ၁ သိန်းနှုန်း၊ ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ကျောင်းသား ၁၉ ဦးအား စုစုပေါင်း ကျပ် ၂၈ သိန်းချီးမြှင့်ခဲ့သည်။ အင်းစိန်အခြေခံပညာကျောင်းမှ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမ ၃၁ ဦး၊ ပြင်ပ စေတနာရှင် ဆရာ၊ ဆရာမ ၆ ဦးနှင့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဆရာ၊ ဆရာမ ၁၃ ဦးအား တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် သက်ဆိုင်ရာအရာရှိများက ချီးမြှင့်ခဲ့သည်။
" တောင်းဆိုချင်တာဆိုရင်တော့ ကျွန်တော်တို့ ဂုဏ်ထူးထွက်တဲ့သူတွေနဲ့ အောင်တဲ့သူတွေအတွက် နိုင်ငံတော်သမ္မတကြီးကို တစ်ခုလောက်တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့တွေ ဒီထက်အဆင့်မြင့်တဲ့ပညာတွေကို ဆက်လက်ပြီးတော့ သင်ကြားလိုပါသေးတယ်။ ဘွဲ့တွေလည်း ထပ်ယူလိုပါသေးတယ်။ ကျွန်တော်တို့အမှန်တိုင်း ဆိုရင် အမှားတွေ သိပြီးတော့ အမှန်တွေလည်း ပြင်နေကြပါပြီ။ ကျွန်တော်တို့အခုဆိုရင် ကျွန်တော်တို့ကျောင်း အုပ်ဆရာကြီးက ၂ဝ၁၂ ခုနှစ်ကနေပြီးတော့ ဒီနေ့ထိပေါ့နော် ။ ပညာသင်ကြားဆုံးမပေးခဲ့တာ။ ကျွန်တော်တို့ ဆရာ ကျောင်းအုပ်ဆရာကြီးနဲ့ ဒီနှစ်အောင်မြင်တဲ့သူတွေရော၊ ဂုဏ်ထူးထွက်တဲ့သူတွေအတွက်ပါ အပြင်မှာ ဒီထက်အဆင့်မြင့်တဲ့ ပညာရပ်တွေကို သင်ယူရစေဖို့အတွက် စဉ်းစားပေးစေလိုပါတယ်။ အခွင့်အရေးတွေ ပေးစေချင်ပါတယ်" ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၃ ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ မောင်ဉာဏ်လင်းမောင်က ပြောသည်။
မောင်ဉာဏ်လင်းမောင်မှာ အသက် ၂၂ နှစ်အရွယ်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကာ စုစုပေါင်း ရမှတ် ၄၅၈ မှတ်ဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မောင်ဉာဏ်လင်းမောင်မှာ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ၁၁ လပိုင်းက လုယက်မှုဖြင့် ထောင်ဒဏ် ၆ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူလည်းြဖစ်သည်။
လက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၉ ဦးအနက် ရ ဦးမှာ ပြီးခဲ့သည့် လပိုင်းများက ပြန်လည်လွတ်မြောက်သွားခဲ့ပြီးဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အကျဉ်းသား အများစုမှာ လုယက်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုတို့ဖြင့် အကျဉ်းကျခံနေရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်အသီးသီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ အကျဉ်း သူ၊ အကျဉ်းသား ၄၇ ဦးထိ စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်ဟု မေလ ၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဌာန၊အကျဉ်းဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ခဲ့ရာတွင် အင်းစိန်၊ မန္တလေး၊ ဘားအံ၊ စစ်တွေ၊ မြိတ်၊ မြောင်းမြ၊ တောင်ငူနှင့် ရွှေဘို အကျဉ်း ထောင်များမှ အကျဉ်းသား ၉၆ ဦး၊ အကျဉ်းသူ ၈ ဦး၊ စုစုပေါင်း ၁ဝ၄ ဦးက ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြေဆိုခဲ့သူ ၁ဝ၄ ဦးရှိသည့်အနက် အကျဉ်းသား ၄၃ ဦးနှင့် အကျဉ်းသူ ၄ ဦး၊ စုစုပေါင်း ၄၇ ဦး အောင်မြင်ခဲ့ပြီး ၅၇ ဦး ကျရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သူများတွင် ဂုဏ်ထူးရရှိသူများလည်းပါဝင်ခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ ၁၈ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၂၈ ဦးထိရှိပြီး ရိုးရိုး အောင်မြင်သူ ၁၉ ဦးရှိကြောင်း သိရသည်။