ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
အအေးမိတုပ်ကွေးကြောင့် ဖျားရပြီဆိုရင် လည်ချောင်းမနာရင်တောင် နှာစေးချောင်းဆိုးဝေဒနာက ပြေးမလွတ်ပါဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်အတွင်းခံစားရတဲ့ လက္ခဏာတွေက ကုသမှုကြောင့် ပျောက်ကင်းသွားမှာဖြစ်ပေမယ့် ချောင်းလေးတဟွတ်ဟွတ်တော့ ဖြစ်ကျန်ခဲ့နိုင်ပါတယ်။
ဒီလို လက္ခဏာတွေ မကျန်ခဲ့စေဖို့ ရောဂါပိုးကို အံတု ခုခံနေတဲ့အချိန်အတွင်းမှာ ဂရုတစိုက်ဆင်ခြင်နေထိုင်ဖို့လိုပါတယ်။ နောက်ပိုင်းမှာ ကျန်ခဲ့နိုင်တဲ့ ခံရခက်တဲ့လည်ချောင်းနာနဲ့ ချောင်းဆိုးခြင်းကို သက်သာစေမယ့်နည်းလမ်းတွေရှိပါတယ်။
ပူရှိန်းရှိန်း ငုံဆေး နဲ့ သကြားလုံးတွေစားပါ။ Menthol နဲ့ တချို့ငုံဆေးတွေက လည်ချောင်းနာဝေဒနာကို သက်သာစေပြီး လည်ချောင်းရှင်းစေပါတယ်။
ပျားရည်စားပါ။ ပျားရည်က ချောင်းဆိုးရော လည်ချောင်းနာပါ သက်သာစေနိုင်တဲ့ ဆေးနည်းတစ်ခုဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ တစ်ဇွန်းလောက်ထည့်သောက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မကျွေးပါနဲ့။
အရည်များများသောက်ပါ။ လည်ချောင်းယား၊ အာခေါင်ခြောက်လာရင်၊ ချောင်းခြောက်ဆိုးလာရင် တစ်ခုခုသောက်နေရမှ ၊အာဆွတ်လိုက်ရမှ နေသာတယ်ထင်ကြပါတယ်။
လည်ချောင်းတွင်းပိုခြောက်သွေ့စေနို်င်တဲ့ အရက်နဲ့ ကဖင်းပါတဲ့အရည်တွေကလွဲပြီး ကျန်တာအဆင်ပြေပါတယ်။ဆေးသကြားပါတဲ့၊အချိုများတဲ့ အချိုရည်တွေတော့ သိပ်မသောက်နဲ့ပေါ့။ လိမ္မော်နဲ့အချဉ်သီးဖျော်ရည်တွေကိုလည်း ရှောင်ပါ။
ပူနွေးတာလေး သောက်ပါ။ ကြက်စွပ်ပြုတ်အရည် သို့မဟုတ် ရေနွေးကြမ်းသောက်တာ အသက်ရှူလမ်းကြောင်းကို အနွေးဓာတ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြန်ဖြည့်နိုင်တဲ့အပြင် ပူနွေးမှုကြောင့် ချွဲသလိပ်တွေကို ကြေစေပြီး ချောင်းဆိုးတဲ့အခါ သလိပ်ထုတ်ရလွယ်စေပါတယ်။
ချောင်းဆိုးပျောက်ဆေးသောက်ပါ။ တစ်ခါတရံ သလိပ်တွေထွက်ဖို့ ချောင်းပဲဆိုးနေရတာပင်ပန်းပါတယ်။ ချောင်းဆိုးခြင်းကို တည်ငြိမ်စေဖို့ (အထူးသဖြင့် ညအိပ်မရအောင် ချောင်းဆိုးတဲ့အခါမျိုးမှာ) ချောင်းဆိုးပျောက်ဆေးရည်တွေက အသုံးဝင်နိုင်ပါတယ်။
ရေနွေးငွေ့ရှူပါ။ အာခေါင်ခြောက်ပြီး လည်ချောင်းယားတာက ချောင်းအမြဲဆိုးချင်လာအောင် ဆွနေတယ်ဆိုရင် ရေနွေးပူပူရဲ့အငွေ့ကို ပါးစပ်နဲ့ရှူပါ။ ဒါမှမဟုတ် အခန်းထဲမှာ အစိုဓာတ်ထိန်းစက် (humidifier) လေးသုံးပါ။ ချွဲသလိပ်တွေပါ ပျော်စေပြီး ရင်ချောင်စေပါလိမ့်မယ်။
လေကောင်းလေသန့်ပဲရှူပါ။ မီးခိုးငွေ့တွေ၊ညှော်နံ့တွေ၊ ဖုန်မှုန့်တွေနဲ့ အနံ့အသက်မကောင်းတဲ့လေတွေကို ရှောင်ပါ။ နေမကောင်းချိန်မှာ လေကောင်းလေသန့်ရတဲ့နေရာမှာနေပါ။ ဆေးလိပ်ငွေ့ကို လည်းရှောင်ပါ။
အနားယူပါ။ အအေးမိချောင်းဆိုးခြင်းကို မြန်မြန်သက်သာချင်တယ်ဆိုရင် အလွယ်ဆုံးက ကိုယ်ခံအားကောင်းအောင်၊ အားရှိအောင်နေပါ။ ဒါမှ ဗိုင်းရပ်စ်ကိုခန္ဓာကိုယ်က ခုခံတိုက်ထုတ်နိုင်မှာပါ။ အာဟာရပြည့်အောင်စားရမယ့်အပြင် အနားယူဖို့လည်းလိုပါတယ်။ အိပ်ရေးမဝရင်၊ အနားမယူရင် ခန္ဓာကိုယ်မှာ ဖိစီးမှုပိုများလာပြီး ရောဂါလက္ခဏာ တာရှည်စေနိုင်ပါတယ်။
ဆားရည် သို့မဟုတ် ဆေးရည်နဲ့ အာလုပ်ကျင်းပါ။ လည်ချောင်းနာ၊ ချောင်းဆိုးလိုမျိုး ရောဂါပိုးကြောင့် လည်ချောင်းထဲမှာခံရခက်စေတဲ့ဝေဒနာမျိုးကို အာလုပ်ကျင်းတဲ့နည်းနဲ့ သက်သာလျော့ပါးစေနိုင်ပါတယ်။ လည်ချောင်းနာ၊ လည်ချောင်းယားလို့ အဆင်မပြေတဲ့အခါတိုင်း အာလုပ်ကျင်းပေးပါ။
အဖျားမရှိတော့ဘဲ နေကောင်းလာပြီဆိုရင် ချောင်းဆိုးကျန်နေတာ ဖြစ်လေ့ရှိတဲ့အရာဆိုပေမယ့် အရမ်းကြာလာရင်တော့ မကောင်းပါဘူး။ တကယ်လို့ နောက်ဆက်တွဲချောင်းဆိုးက –
- ချွဲသလိပ်တွေအများကြီးထွက်လောက်အောင် တော်တော်ဆိုးနေတာ၊
- အသက်ရှူသံ တရွှီရွှီနဲ့ အသက်ရှူရခက်နေတာ (ပန်းနာရင်ကျပ် သို့မဟုတ် တခြားလက္ခဏာတွေဖြစ်နိုင်တယ်)၊
- ရင်ဘတ်ထဲ မောကျပ်လာရင်၊
- နေပြန်ကောင်းပြီး တစ်ပတ်လောက်ကြာတဲ့အထိ ချောင်းဆိုးမသက်သာရင်၊
- ချောင်းဆိုးတဲ့အထဲ သွေးစ ပါလာရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူပါ။