ရန်ကုန် ၊ မေ ၃၀ ။ ။ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်လာသည့် မုန်တိုင်းငယ်သည် အားလျော့လာနေသော်လည်း ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဆိုသည်။
“ကုန်းတွင်းပိုင်းတွင် မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့စစ်ကိုင်းတိုင်း တို့ဆုံရာဒေသ (Triple Point) တွင် ယနေ့ညမှ နောက်နေ့နံနက်အတွင်း တစ်နာရီ မိုင်(၂၀-၃၀)ခန့်ရှိ လေပြင်းများတိုက်ခတ်သွားနိုင်ပါတယ်” ဟု ဦးထွန်းလွင် က ဆိုသည်။
ယနေ့ နံနက် ၅ နာရီခွဲ တိုင်းထွာချက်အရ ကုန်းတွင်း မုန်တိုင်းငယ်သည် ညောင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀)ခန့်၊ ပခုက္ကူမြို့၏ အနောက်ဘက် မိုင်(၃၀) ခန့်၊ မြင်းခြံမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်အကွာတွင် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မုန်တိုင်းသည် ယမန်နေ့ ည ရ နာရီခန့်က ကျောက်ဖြူမြို့မှ ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းဝင်ရောက်သွားခြင်း ဖြစ်ပြီး အားပျော့သွားသော်လည်း ကုန်တွင်းမုန်တိုင်းအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
တစ်ပြည်လုံးတွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ရခိုင် ၊ နေပြည်တော်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကရင် နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလမှ ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်သည် (၁၀)ပေမှ (၁၆)ပေခန့် ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။