ရန်ကုန်၊ မေ ၂၂ ။ ။ စင်ကာပူအခြေစိုက် ကုမ္ပဏီကို ကန့်ကွက်သည့်အနေဖြင့် ပြုလုပ်သော ဖဲကြိုးဖြူကမ်ပိန်းကို တောင်းဆိုချက်များ မရမချင်း ရပ်တန့်မည်မဟုတ်ဟု ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် Grab အဖွဲ့ဝင် တက္ကစီယာဉ်မောင်းအချို့က မေလ ၂၂ ရက်က ပြောဆိုလိုက်သည်။
ကမ်ပိန်းပြုလုပ်ရခြင်းမှာ ယာဉ်မောင်းများကရွေးချယ်ခွင့် ပြန်လည်ရရှိရေးနှင့် ယာဉ်မောင်း၏ လုံခြံုရေးကို စိုးရိမ်သောကြောင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း Grab အဖွဲ့ဝင် ယာဉ်မောင်းတစ်ချို့က ဆိုသည်။
ယခင်က Grab တက္ကစီ အပလီကေးရှင်းတွင် ခရီးသည်သွားလိုသည့် ခရီးစဉ်နှင့် စျေးနူန်းကို ယာဉ်မောင်းမှ ခရီးစဉ် လက်မခံမီတွင် မြင်တွေ့နိုင်ပြီး၂၀၁၇ ခုနှစ်အတွင်း အဆင့်မြှင့်တင်ခဲ့သည့် အပလီကေးရှင်းတွင်မူ ခရီးစဉ်လက်ခံပြီးမှသာ မြင်တွေ့ရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
“ အချက် နှစ်ချက်ကို ကျွန်တော်တို့က အဆင်မပြေမချင်း ရပ်တန့်မှာ မဟုတ်ဘူး။ ၂၁ ရက် ၅လ ၂၀၁၈ ဆိုတာ စတင်ပြီးတော့ သတိပေးတာ။ လက်ရှိကျွန်တော်တို့ တစ်ရက်လုပ်လိုက်ပြီ နောက်ဘယ်နှစ်ရက်ဆိုတာ ကျွန်တော်တို့ မပြောဘူး။ ဘယ်အချိန် ဘယ်အတိုင်းအတာအထိလုပ်မယ်ဆိုရင် Grab က အရင်အဆင်ပြေခဲ့တဲ့ နည်းကို ပြန်မသုံးမချင်း ကျွန်တော်တို့က တောင်းဆိုသွားမှာပဲ” ဟု ကမ်ပိန်းတွင်ပါ၀င်သည့် Grab ယာဉ်မောင်း တစ်ဦးဖြစ်သူ O&D တက္ကစီအဖွဲ့ဝင် ကိုဝင်းနိုင်က ပြောသည်။
ကမ်ပ်န်းပြုလုပ်သူများက မေလ ၂၂ ရက်က ရန်ကုန်မြို့၊ MJN ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။
ကမ်ပိန်းပြုလုပ်သူယာဉ်မောင်းအချို့က ပြောဆိုနေကြသော်လည်း Grab စီးနင်းသူ ခရီးသည်အချို့ကမူ ကုမ္ပဏီ၏ နည်းစနစ်သည် အဆင်ပြေသည်ဟု သုံးသပ်ကြသူများလည်း ရှိနေသည်။
“ အများကြီးအဆင်မပြေတာမျိုးတော့မဟုတ်လောက်သေးဘူးလို့ ကျွန်တော်ထင်တယ်။ မောင်းလို့ ရနေသေးတယ်ပေါ့ဗျာ။ သူတို့အရမ်းကြီး ထိခိုက်နစ်နာ တာမျိုးတော့မဟုတ်ဘူး ကုမ္ပဏီဘက်က တကယ့်ကို အများကြီး Risk ယူထားတယ်ဆိုရင် မမောင်းနဲ့ပေါ့ဗျာ ဒါပဲရှိတယ်။ ရှင်းရှင်းလေးပဲ” ဟု Grab စီးနင်းသူ ကုမ္ပဏီဝန်ထမ်း ကိုကျော်သူရက ပြောသည်။
မြန်မာနိုင်ငံတွင် စင်ကာပူ အခြေစိုက် Grab အပြင် Uber ၊ Oway ၊ Hello Cab အငှားယာဉ်ကုမ္ပဏီများ ရှိနေပြီး လတ်တလောတွင် Grab စီးနင်းသူ များပြားနေခြင်း ဖြစ်သည်။
“ Uber က ကြတော့ စျေးမငြိမ်တာတွေဘာတွေရှိတယ်လေ။ ကားကြပ်ရင်ကြပ်သလိုစျေးတွေဘာတွေရှိတယ်။ Grab က ကြတော့ စျေးပုံမှန်ဆိုတော့ အဆင်ပြေတယ်။ အခုနောက်ပိုင်းက စျေးနည်းနည်းတက်သွားတာက လွဲရင် အဆင်ပြေတယ်။ Grab စစီးတဲ့အချိန်ကနေ အခုနောက်ပိုင်း ပိုအဆင် ပြေလာတယ်။ ဒရိုင်ဘာတွေက လည်း ဆက်ဆံရေးကအစ ပိုကောင်းလာတယ်” ဟု နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရဲမင်းထက် က သူ့အမြင်ကို ပြောသည်။
ဖဲကြိုးဖြူတပ်ဆင်ထားပြီး Grab အမှတ်အသားကို ကြက်ခြေခတ်ထားသော စတစ်ကာ၊ ကားဘောနက်အဖုံးတွင် အနီရောင်ကြက်ခြေခတ် ကပ် ထားသော အမှတ်အသားဖြင့် ကမ်ပိန်းပြုလုပ်နေကြခြင်း ဖြစ်ပြီး Grab အဖွဲ့ဝင် ယာဉ်မောင်းများဖြင့် စုဖွဲ့ထားသည့် အဖွဲ့ ၆ ဖွဲ့မှ လူဦးရေ ၁၇၀ ခန့်က ပြုလုပ်နေခြင်း ဖြစ်သည်။
Grab ကုမ္ပဏီဖက်ကမူ ဖဲကြိုးဖြူနှင့် စတေကာကမ်ပိန်းလှုပ်ရှားမှုသည် မိတ်ဖက်ယာဉ်မောင်းအားလုံး၏ သဘောထားမဟုတ်ကြောင်းလည်း ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားသည်။
ကမ်ပိန်းပြုလုပ်သူများက ခရီးစဉ်စျေးနှုန်းအတွက် အဓိကမဟုတ်ဘဲ ခရီးစဉ်အား ယာဉ်မောင်းများက ရွေးချယ် ခွင့်ရှိသော မူလအခွင့်အရေး ပြန်လည်ရရှိရေးနှင့် ယာဉ်မောင်းများအသက်အန္တရာယ်ကင်းပြီး လုံခြံုစွာ မောင်းနှင်နိုင်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း ပြောသည်။