ရန်ကုန် ၊ မေ ၂၂ ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲနေသည့် ကမ်းနားလမ်းညစျေးတန်း စီမံခန့်ခွဲမှုအား ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို လွှဲအပ်သွားရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ကမ်းနားလမ်း(ညစျေးတန်း)ကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး Management Operator အဖြစ် တာဝန်ယူဆောင်ရွက်ဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့် A25 အမည်ရှိ ကုမ္ပဏီတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မေလ ၂၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဘတ်ဂျက်ငွေ မြန်မာကျပ်ငွေ ၁ ဒဿမ ၈ ဘီလီယံ သုံးစွဲထားသည့် အဆိုပါ ညစျေးတန်းကို လက်ရှိအချိန်အထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲနေခြင်းဖြစ်သည်။
လက်ရှိတွင် ကမ်းနားလမ်းညစျေးအခြေအနေသည် အရောင်းအဝယ်ကျဲပါးနေပြီး လာရောက်စားသုံးသူ နည်းပါး နေကြောင်း တွေ့ရသည်။
ညစျေးတန်းစီမံခန့်ခွဲမှုကို လွှဲပြောင်းရန် ဆွေးနွေးနေခြင်းအဆင့်သာ ဖြစ်နေနိုင်ပြီး လက်ရှိအချိန်အထိ မိမိတို့ အား တစ်စုံတရာအကြောင်းကြားခြင်း အသိပေးခြင်းမရှိသေးကြောင်း ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။
“စီမံခန့်ခွဲမှုအပိုင်းကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာလည်း တကယ်ဆိုလို့ရှိရင် ပြည်သူ့ဘဏ္ဍာငွေ ၁ ဒဿမ ၈ ဘီလီယံတောင် သုံးပြီးလုပ်ထားတဲ့ကိစ္စလေ။ စီမံခန့်ခွဲမှုကို ကုမ္ပဏီကိုလွှဲမယ်။ တကယ်လုပ်ဖြစ်ပြီဆိုရင်တော့ လွှတ်တော်ကို ရှင်းပြပေးတာမျိုးတော့ ပိုအဆင်ပြေတာပေါ့လေ။ ဒါပေမယ့် အခုထိ ကျွန်မတို့ဆီကို ဘာမှ အကြောင်းကြားလာတာမရှိသေးဘူး” ဟု ၄င်းက ဆိုသည်။
ကမ်းနားလမ်း (ညစျေးတန်း) ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့တွင်းရှိ လမ်းဘေး စျေးသည်များအား ညစျေးတန်း ( သခင်မြပန်းခြံမှ ပန်းဆိုးတန်း ကမ်းနားလမ်းအထိ) ၊ ကမ်းနားလမ်း ၊ မဟာဗန္ဓုလပန်းခြံလမ်း နှင့် ဘဏ်လမ်းဘေးသို့ ပြောင်းရွေ့ဖွင့်လှစ်စေခဲ့ခြင်းဖြစ်သည်။
စတင်ဖွင့်လှစ်ချိန်က စျေးဆိုင်ခန်းပေါင်း ၁၆၀၀ လောက်အထိ နေရာချထားပေးပြီး ဖွင့်လှစ်ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် စျေးဆိုင်ခန်းပေါင်း ထက်ဝက်ခန့်သာ ရောင်းချတော့သည်ဟု စျေးရောင်းချသူများက ဆိုသည်။