လော့စ်အိန်ဂျလိစ်၊ မေ ၁၂ ။ ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မြောက်ပိုင်းရှိ ပမ်းဒဲလ်အရပ်က အထက်တန်းကျောင်းတွင် မေ ၁၁ ရက်က ကျောင်းသားနှစ်ဦးကြား ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ရာ တစ်ဦးဒဏ်ရာရပြီး ကျန်တစ်ဦးကို ဖမ်းဆီးထားသည်။
နံနက်အစောပိုင်း ခုနစ်နာရီခန့်တွင် လက်နက်ကိုင်ဆောင်ထားသော သံသယရှိဖွယ်တစ်ဦးကို တွေ့ရှိကြောင်း ဖုန်းသတင်းရ၍ ရဲများက အဆိုပါ နေရာဖြစ်သော အထက်တန်းကျောင်းဝင်းသို့ အပြေးအလွှား သွားရောက်ခဲ့ရခြင်း ဖြစ်ကြောင်း စီရင်စုရုံး ပြောခွင့်ရသူ နီကိုးလ်က လော့စ်အိန်ဂျလိစ်တိုင်းမ်စ်သတင်းသို့ ပြောသည်။
သေနတ်ထိမှန်သူမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားဖြစ်ပြီး လက်ဖျံတွင် ထိမှန်ခြင်းဖြစ်၍ ဆေးရုံတင်ပို့ထားကြောင်း ABC7 ရုပ်သံက သတင်းထုတ်လွှင့်သည်။ ၎င်း၏ အခြေအနေမှာ မစိုးရိမ်ရဘဲ အသက်အန္တရာယ်မရှိကြောင်း ဆိုသည်။
အာဏာပိုင်များက ကျောင်းဝင်းတစ်ခုလုံးကို စနစ်တကျ ပိုက်စိတ်တိုက်စစ်ဆေးမှုများ ပြုလုပ်ပြီး ကျောင်းသားကျောင်းသူများအား ကျောင်းကားများဖြင့် လုံခြံုဘေးကင်းရေးအတွက် အိမ်ပြန်ပို့ထားခဲ့သည်။
ယခုဖြစ်ရပ်ကြောင့် ရဲအင်အားများ တပ်ဖြန့်ချထားလိုက်ရသကဲ့သို့ နယ်မြေအတွင်းရှိ စာသင်ကျောင်းအားလုံးလည်း ပိတ်လိုက်ရသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ကျောင်းသားကျောင်းသူများက သေနတ်သံကြားရကြောင်း တွစ်တာတွင် ရေးသားပြီး ကျောင်းသို့ မရောက်လာသေးသော အတန်းဖော်များကို သတိပေးခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ယခုကျောင်းမှ ခုနစ်မိုင်ခွဲအကွာခန့်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင်လည်း ဒုတိယမြောက် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည်ဟု သတိပေးချက်များရ၍ အာဏာပိုင်များက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရာ သတိပေးချက်မှာ မှားယွင်းသတိပေးချက် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။