ရန်ကုန် ၊ မေ ၁၀ ။ ။ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး က ထုတ်ပြန်ခဲ့သည့် ဒါကာကြေညာချက်ကို မြန်မာနိုင်ငံက လက်ခံခြင်းမရှိဘဲ ပယ်ချသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၉ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။
မေလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ဒါကာကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကြေညာချက်ထဲတွင် မြန်မာနိုင်ငံမှ လုံခြံုရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ရေးသားထုတ်ပြန်ထားပေမယ့် Arakan Rohingya Salvation Army (ARSA) အဖွဲ့၏ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ရှုတ်ချထားခြင်းမရှိဟု မြန်မာအစိုးရဘက်က ဆိုသည်။
မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခွင့်လွှတ်မည် မဟုတ်ဘဲ ခိုင်မာသော အထောက်အထားရှိသည့် စွပ်စွဲပြောကြားချက်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်သည်ဟု မြန်မာအစိုးရက ပြောသည်။
ယင်းဒါကာကြေညာချက်သည် ဟန်ချက်ညီမျှမှု ၊ တရားမျှတမှု မရှိသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ရခိုင်ပြည်နယ်၏ ဖြစ်စဉ်များအား “လူမျိုးစု သုတ်သင်ရှင်းလင်းမှု”၊ “အစိုးရ အားပေးသည့် အကြမ်းဖက်မှု” ဟူသော အသုံးအနှုန်းများဖြင့် တာဝန်မဲ့စွာ ဖော်ပြခြင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ ပယ်ချပါသည်" ဟု မေလ ၉ ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
မုတ်သုန်ကာလ နီးကပ်လာခြင်းကြောင့် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာနိုင်ငံက တိုက်တွန်းပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား မိမိဆန္ဒအလျောက် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အဆင်သင့်ရှိနေပြီ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။