သထုံ၊ ဧပြီ၊ ၂၈ ။ ။ မွန်ပြည်နယ် သထုံဒေသဘက်ရှိ မင်းကွတ်တောင်သူများအတွက် ဈေးကွက်ရှိသော်လည်း ရောင်းကုန်မင်းကွတ်သီးများ မရှိဘဲဖြစ်နေကြောင်း ကာယကံရှင်များထံမှ သိရသည်။
ရာသီဥတုကမောက်ကမအနေအထားကြောင့် မင်းကွတ်သီးကင်းများ ကြွေကျကုန်သည့်အတွက် ယခုနှစ်တွင် ရောင်းစရာမရှိအောင် မင်းကွတ်သီးများ အလွန်အမင်း ရှားနေသည်ဟု ၎င်းတို့က ဆိုသည်။
"ခါတိုင်းနှစ်တွေမှာ ဧပြီ ၁၅၊ ၂၀ဆို မင်းကွတ်သီးက ကောင်းကောင်းလှိုင်နေပြီလေ။ ဒီနှစ်တော့ လက်ဦးသီး(ပေါ်ဦးပေါ်ဖျားအသီး)က မရှိလလောက်ဘဲ။ တစ်ခါခူးမှ တစ်ပင်ကို ၄ လုံး၊ ၅ လုံး အလွန်ဆုံး ရှိလှ ၁၀လုံး၊ ဒါတောင် အပင်တိုင်း မသီးဘူး။ ပွင့်ကတည်းက ပန်းမစုံဘူး (အပင်တိုင်းမပွင့်ဘူး)။ အပူရှိန်ကြောင့် မင်းကွတ်သီးတွေက မရင့်၊ မမှည့်ခင် အခုအချိန်ထိကို တဖြုတ်ဖြုတ်နဲ့ ကြွေနေကြတုန်းပဲ"ဟု နှစ်စဉ် မင်းကွတ်သီးစား ခြံချုပ် ရောင်းဝယ်လာသူ နောင်ဘိုရေပြွန်ပိုင်းနေ ခြံပိုင်ရှင် ဦးစိုးသိန်းက ပြောသည်။
သို့သော် အပျက်အစီးများသဖြင့် ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းခန့် အသီးလျော့ခဲ့ပြီး ယမန်နှစ်က ကျပ် ၁၅၀ ဈေးရှိသော မင်းကွတ်သီးသည် ယခုအခြေခံဈေး ၂၅၀ကျပ်ရှိသည်ဟု တောင်သူများက ဆိုကြသည်။
မင်းကွတ်သီး ရှားပါးမှုကြောင့် ဒေသခံတို့၏ ဈေးကွက်တစ်ခုဖြစ်သော သိမ်ဆိပ်သစ်သီးတန်းမှ ဆိုင်များကလည်း ဒေသထွက်မင်းကွတ်အပြင် ပေါင်မြို့နယ်မှ မင်းကွတ်သီးများကိုပါ မှာယူရောင်းချနေကြရကြောင်း သစ်သီးတန်းဆိုင်များထံမှ သိရသည်။
မိုးမကြာမကြာမှန်မှန်ရွာပေးပါက မင်းကွတ်သီးများ ရင့်မြန် မှည့်မြန်သည့်အတွက် ဇွန်လ ပထမပတ်ခန့်မှသာ မင်းကွတ်သီးများ လှိုင်လိမ့်မည်ဟု မင်းကွတ်တောင်သူများက မျှော်လင့်နေကြသည်။