ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကလီထော်ကြိုးဝိုင်းအတွင်းမှ တောဆင်ရိုင်းတစ်ကောင်အား အရေခွံခွာ၊ အစွယ်ဖြတ်ခံထားရကာ ခန္ဓာကိုယ် သုံးပိုင်း ပိုင်းလျက်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပုံစံမျိုးဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သော တောဆင်ရိုင်းမှာ အလျား ၁၁ ပေ၊ အမြင့် ၈ ပေ၊ လုံးပတ် ၁၃ ပေခန့်ရှိ အသက် ၃၅ နှစ် ခန့်ရှိသော တောဆင်ရိုင်းအထီးတစ်ကောင် ဖြစ်ကြောင်း သိရသည်။
သတင်းအရ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်လွင်၊ ခမရ(၇ဝ၉) (ဖောင်ကြီး)မှ တပ်မတော်သားများ၊ ဖောင်ကြီးနယ်မြေရဲခစန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဧပြီလ ၁၂ ရက်တွင် ကလီထော်ကြိုးဝိုင်း အကွက်အမှတ်(၁၀၈) သစ်ငုတ်တိုမြောင်အတွင်းသို့ သွားရောက်စစ်ဆေးခဲ့ရာမှ အဆိုပါ ဆင်သေကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တွေ့ရှိခဲ့သည့် ဆင်သေ ခန္ဓာကိုယ်ကို အခင်းဖြစ်ပွားနေရာတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါ တောဆင်ရိုင်း သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီးမြို့နယ်သစ်တောဦးစီးဌာနမှ လာရောက် တိုင်တန်းပါက ဖောင်ကြီးနယ်မြေရဲခစန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။