တရုတ်သို့ ရောက်လာသည့် ကင်မ်ဂျံုအန်းအား ရှီကျင့်ဖျင်က နွေးထွေးစွာ ကြိုဆိုခဲ့

တရုတ်သို့ ရောက်လာသည့် ကင်မ်ဂျံုအန်းအား ရှီကျင့်ဖျင်က နွေးထွေးစွာ ကြိုဆိုခဲ့

မတ် ၂၈ ။           ။ မတ်လ ၂၆ ရက်က တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ ရုတ်တရက် လျှို့ဝှက်စွာ လာရောက်လည်ပတ်သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းအား တရုတ်သမ္မတ ရှီကျင့်ဖျင်က နွေးထွေးစွာ ဧည့်ခံ ကြိုဆိုခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ယင်းနေ့က သံချပ်ကာ အထူးရထားတစ်စင်းနှင့်အတူ တရုတ်သို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာခဲ့ကြောင်း သတင်းများထွက်ပေါ်နေခဲ့ပြီးနောက် ယခုအခါ အဆိုပါကိစ္စနှင့်ပတ်သက်လို့ နှစ်နိုင်ငံစလုံးက အတည်ပြုသွားခဲ့ပြီဖြစ်သည်။

မကြာမီကာလအတွင်း ဆိုးလ်၊ ဝါရှင်တန်တို့နှင့်အကြား သမိုင်းဝင် ဆွေးနွေးပွဲများ ကျင်းပရန် ရှိနေချိန် ယင်းမတိုင်မီစပ်ကြား မြောက်ကိုရီးယား-တရုတ် မဟာမိတ်နှစ်နိုင်ငံအကြား အနည်းငယ် အေးစက်နေခဲ့သော ဆက်ဆံရေးကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းသည့်အနေဖြင့် ယခုကဲ့သို့ ကင်မ်၏ တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အလားတူ ကင်မ်၏ ယခု တရုတ်ခရီးသည် ၂၀၁၁ ခုနှစ် ၎င်း အာဏာရပြီးနောက်ပိုင်း ပထမဆုံးသွားရောက်သည့် ပြည်ပခရီးစဉ်လည်း ဖြစ်လာခဲ့သည်။

တရုတ်သို့ ရောက်လာသည့် ကင်မ်နှင့် ဇနီးဖြစ်သူတို့အား  ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး ယင်းနောက် တရုတ်သမ္မတ ရှီကလည်း အထူး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

တရုတ်နိုင်ငံပိုင် မီဒီယာအနေဖြင့် ကင်မ် မြောက်ကိုရီးယားသို့ ပြန်သွားပြီးနောက် မတ်လ ၂၈ ရက်ကျမှ ယင်းအလည်အပတ်ခရီးသတင်းကို အတည်ပြုသွားခဲ့ခြင်း ဖြစ်သည်။

ယင်းခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်ဘက်အကြား သမိုင်းဝင် ဆက်ဆံရေးအပေါ် အမွှမ်းတင်ပြောဆိုသွားခဲ့သကဲ့သို့ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး ဆောင်ရွက်သွားမည်ဟု ကင်မ်က ကတိပြုသွားကြောင်းလည်း တရုတ် ဆင်ဟွာ သတင်းဌာနက ဖော်ပြသွားသည်။

" ကျွန်တော့်ရဲ့ ပထမဆုံးသော ပြည်ပခရီးစဉ်က တရုတ်ရဲ့ မြို့တော်ပဲ ဖြစ်ရပါမယ် ၊ ဒါနဲ့ပတ်သက်လို့ မေးခွန်းထုတ်ဖို့ မလိုပါဘူး" ဆိုပြီး ကင်မ်က ပြောသွားခဲ့ကြောင်းလည်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ပြောသွားသည်။

တစ်ချိန်တည်းမှာပင် တရုတ်သမ္မတ ရှီကိုလည်း မြောက်ကိုရီးယားသို့ လာလည်ရန် ကင်မ်က ဖိတ်ကြားသွားခဲ့ကြောင်းနှင့် ယင်းဖိတ်ကြားချက်ကို သမ္မတရှီကလည်း လက်ခံခဲ့ကြောင်း အဆိုပါ KCNA သတင်းအေဂျင်စီက ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly