ရန်ကုန် ၊ မတ် ၂၃ ။ ။ သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်က ပြည်ထောင်စုနာယကထံတွင် အပ်နှံထားသည့် မိသားစုပိုင်ဆိုင်မှု စာရင်းအား မည်သည့်အချိန်တွင် မဆို ဖွင့်ဖောက်စစ်ဆေးနိုင်သည်ဟု သမ္မတရာထူးမှ အနားယူသွားသည့် ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်က ပြောဆိုလိုက်သည်။
"အန်တီတို့ ပိုင်ဆိုင်မှုက ပွင့်ပွင့်လင်းလင်းပဲ ရှိပါတယ်။ အဲ့ဒီစာအိတ်ကိုလည်း ဖွင့်ချင်တဲ့လူရှိရင် ကြိုက်တဲ့အချိန် ဖွင့်ပါလို့ ပြောချင်ပါတယ်" ဦးထင်ကျော်၏ ဇနီး သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် မတ် လ ၂၁ ရက်နေ့က ရာထူးကနေ နှုတ်ထွက်သွားသည့် သမ္မတဦးထင်ကျော်သည် ကျန်းမာရေး ကြောင့် အနားယူခဲ့ခြင်းမဟုတ်ဘဲ ကြိုတင်စီစဉ်ထားခဲ့ခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
"ပြီးခဲ့တဲ့ တစ်လကျော်လောက်က စင်ကာပူမှာ သွားပြီးတော့ ဆေးပြန်စစ်တော့ နေကောင်းပါတယ်။ သူလည်း ဝိတ်ပြန်တက်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီလို နားဖို့ဆိုတာ ရုတ်တရက်ကြီးလုပ်တာ မဟုတ်ပါဘူး။ အစောကတည်းက ကြိုတင်စီစဉ်တာပါ " ဟု ယနေ့ လွှတ်တော်၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဒေါ်စုစုလွင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယခုလို တာဝန်မှ နုတ်ထွက်လိုက်ခြင်းကြောင့် သမ္မတတစ်ဦး ခံစားခွင့်ရှိသည့် ပင်စင်ကိစ္စအပေါ် မည်သို့မျှ စိတ်ကူးထားခြင်း မရှိကြောင်း ဒေါ်စုစုလွင်က ဆက်လက်ပြောဆိုခဲ့သည်။
"ပင်စင်ဆိုတာလည်း အန်တီတို့ စိတ်မဝင်စားပါဘူး။ ဘယ်တုန်းကမှ ပင်စင်အတွက်ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် စဉ်းစားထားတဲ့ သူတွေမဟုတ်ပါဘူး။ တိုင်းပြည်အတွက် ကိုယ်ဘာပေးနိုင်မလဲပဲ အန်တီတို့ စဉ်းစားပါတယ်။ တိုင်းပြည်ကနေ အန်တီတို့ ဘာရနိုင်မလဲဆိုတာ တစ်ခါမှ စဉ်းစားတဲ့စိတ်မရှိပါဘူး" ဟု ၎င်းက ဆိုသည်။
ဦးထင်ကျော်အနေဖြင့် တာဝန်ကနေ အနားယူသွားသော်လည်း ဇနီးဖြစ်သူ ဒေါ်စုစုလွင်က လွှတ်တော်ကိုယ်စားလှယ် တာဝန်များ ရှိနေသောကြောင့် နေပြည်တော်တွင် ဆက်လက်နေထိုင်သွားမည် ဖြစ်သည်။