မတ် ၂၁ ။ ။ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် ဆီးရီးယားတို့၏ သံသယဖြစ်ဖွယ် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့မှုကို မိမိတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး စစ်တပ်က မတ်လ ၂၀ ရက်မှာ ထုတ်ဖော်ဝန်ခံသွားခဲ့သည်။
အဆိုပါ ဆီးရီးယား နျူဓာတ်ပေါင်းဖို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခံလိုက်ရမှုဖြစ်စဉ်မှာ အစ္စရေးတို့ လက်ချက်ဖြစ်ကြောင်း ယခင်ကာလကြာကတည်းက ယုံကြည်ပြောဆိုမှုများ ရှိနေခဲ့ပြီးနောက် ယခုအခါတွင်မှ အစ္စရေးတို့က ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ဖော်ဝန်ခံသွားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ထုတ်ဖော်ဝန်ခံမှုနှင့်အတူ ယင်း စီးနင်းတိုက်ခိုက်မှုနှင့်ဆိုင်သည့် အချက်အလက်သစ်များကိုပါ ထုတ်ဖော်သွားခဲ့သည်။
ယခုကဲ့သိ့ု ဆီးရီးယား နျူဓာတ်ပေါင်းဖို တိုက်ခိုက်ဖျက်ဆီးပစ်မှုကိစ္စ ထုတ်ဖော်ဝန်ခံမှုနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းမှုများကို အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဖြေကြားရန် ငြင်းဆန်ခဲ့သော်လည်း ယခု ထုတ်ဖော်ဝန်ခံမှုကိစ္စမှာ အီရန်၏ လက်ရှိ လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ သတိပေးမှုတစ်ရပ်အဖြစ် ရှုမြင်နိုင်မည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၆ ရက်က ဆီးရီးယားအရှေ့ခြမ်း ဒိုင်ရာ အက်ဇော ဒေသတွင် တည်ရှိသည့် အဆိုပါ သံသယဖြစ်ဖွယ် နျူဓာတ်ပေါင်းဖိုကို အစ္စရေးတို့က လေကြောင်းကနေတဆင့် တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်က ဆီးရီးယားတို့ဘက်ကမူ ၎င်းတို့နိုင်ငံတွင် မည်သည့် ဓာတ်ပေါင်းဖိုမှ တည်ဆောက်နေခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။
" ၂၀၀၇ စက်တင်ဘာ ၆ ရက်က အစ္စရေး လေတပ် တိုက်လေယာဉ်တွေက ဆီးရီးယားက နျူဓာတ်ပေါင်းဖိုကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်" ဆိုပြီး အစ္စရေးတို့က ထုတ်ပြန်သွားသည်။